ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင် စစ်ကောင်စီ၏ အရေးပါသော တပ်စခန်းကြီးများကို ဖြတ်တောက်ပိတ်ဆို့ထားပြီးဖြစ်သည်ဟု အာရက္ခတပ်တော်(AA)က ယမန်နေ့က ထုတ်ပြန် သည်။
အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ် တို့အား ဖြတ်တောက်ပိတ်ဆို့ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်သည်။
တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီစခန်းတချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းဆည်းထားပြီးဖြစ်သည်ဟု AA က ဆိုသည်။
“အာရက္ခဒေသတစ်ခုလုံးအတွင်း၌ ဖက်ဆစ်စစ်ကောင်စီ၏တပ်များအားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည်” ဟု AA ၏ ယမန်နေ့တွင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အမ်း၊သံတွဲနှင့်မောင်တောမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။
သံတွဲမြို့နယ်တိုက်ပွဲအတွင်း မြို့တွင်းအကျဥ်းထောင်တွင် အမြောက်ထောင်ပြီးတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့က ယမန်နေ့ညကပင် လက်နက်ကြီးဖြင့်လှမ်းပစ်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုတော့ အမြောက်တွေနဲ့ချနေတယ်။တစ်မနက်အတွင်းမှာလည်း လေး၊ငါးချက်ရှိနေပြီ။ဖောင်း- -ဖောင်း နဲ့ ပစ်တယ်။ မြို့ရှောင်လမ်းဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့သိရတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ခလရ ၅၅၊ လင်းသာ၊ မြပြင်ကျေးရွာအနီးတို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်က လေကြောင်း၊ ရေကြောင်းဖြင့် အားပြုခုခံနေသည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။
“ခလရ ၅၅ နောက်ဆုတ်သွားပြီးတော့ နေဗီ (စစ်ရေယာဉ်)က ချပေးတဲ့စစ်သားတွေနဲ့ ပေါင်းပြီး ခံချနေတယ်”ဟု ၎င်းက ဆိုသည်။
ခလရ (၅၅) တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသကဲ့သို့ ထွက်ပြေးလွတ်မြောက်နေသူများ ကို လိုက်လံချေမှုန်းလျက်ရှိသည်ဟု AA က ယမန်နေ့တွင် ထုတ်ပြန်သည်။
ခလရ (၅၅) နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြား အမည် မသိသေးသော တပ်ရင်းတချို့တို့ စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက် လျက်ရှိသကဲ့သို့ ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ ပြင်းထန်လျက်ရှိသည်ဟု AA ကဆိုသည်။
စစ်ကောင်စီနှင့်၎င်းတို့၏အပေါင်းအပါစီးပွားရေးသမားများ၏ အကျိုးစီးပွားရှိရာ သံတွဲမြို့ကို AA လက်ထဲ မကျရောက်စေရေးအတွက် စစ်ကောင်စီက အင်အားအများဖြင့် ခုခံကာကွယ်လျက်ရှိသည်ဟု ဒေသခံများက ပြောကြသည်။
သို့သော် သံတွဲသို့ ရောက်လာသည့် စစ်ကူအများအပြားလည်း ချေမှုန်းခံလိုက်ရပြီဖြစ်သကဲ့သို့ လက်ရှိတွင် ခလရ ၅၅ နှင့်မောင်ရွှေလေး ရေတပ်စခန်းတို့သာကျန်ရှိတော့ပြီဖြစ်သည်ဟု သိရသည်။
AA သည် ခမရ ၅၆၆ ကို ဇွန် ၂၇ တွင်သိမ်းပိုက်ရရှိခဲ့ပြီး ဇူလိုင် ၅ တွင် ငပလီ (မဇင်) လေဆိပ်အား သိမ်းပိုက်ရရှိခဲ့ သည်။ စစ်ကူရောက်လာသည့် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်း ၁၀ ရင်းနီးပါးကိုလည်း အပြတ်အသတ် ချေမှုန်းနိုင်ခဲ့သည်ဟု AA ဘက်က ဆိုသည်။
ထို့ပြင် အမ်းမြို့နယ်၊မဲလက်မောင်းရွာအနီး မဲတောင်တွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။
မဲတောင်တွင် တပ်စွဲထားသည့် စစ်သားများသည် တောဟိန်းတောင်ဗျူဟာ မကျခင်ရက်ပိုင်းအလိုက နပခဌာန ချုပ်ကို အဆင့်ဆင့်ကာကွယ်ရန် ရောက်လာကြသူများဟု အမ်းဒေသခံတစ်ဦးက ပြောသည်။
“မဲတောင်နဲ့အမ်းနဲ့ဆိုရင် ၇ မိုင်လောက်ပဲဝေးတော့မယ်။တောဟိန်းတောင်မကျခင် လုပ်ထားတဲ့စခန်းပဲ။ တောဟိန်းတောင် အခြေအနေမကောင်းလို့ မဲတောင်ကို ထွက်ပြေးလို့ရအောင်ပေါ့။ မဲတောင်နဲ့တောဟိန်းတောင် ကြားကို AA ကထိန်းချုပ်ထားတော့ဘာမှလုပ်လို့မရခဲ့ဘူး။တောဟိန်းတောင်လည်းကျသွားတော့ အမ်းကို အလွယ်တကူ လာလို့မရအောင်ခုခံနေတာ “ဟု ၎င်းက ဆက်ပြောသည်။
AA သည် အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သော “တောဟိန်းတောင် ဗျူဟာ” ကို ဇွန် ၂၃ တွင်သိမ်းပိုက်ရရှိခဲ့သည်။ ဧပြီ ၁၅ ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်လကျော် ကြာ ထိုးစစ်ဆင်ခဲ့ရသော စစ်ကောင်စီ၏စစ်ရေးအရ အရေးပါသည့် ဗျူဟာကုန်းကြီးတစ်ခုဟု AA က ဆိုသည်။
မောင်တောမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး လက်ကျန်တပ်စခန်းဖြစ်သော နခခ ၅ မြို့သူကြီး ပတ်ဝန်း ကျင်တွင်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင်နေရသောကြောင့် အခြေအနေအသေးစိတ်ကို မသိရဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းအား ဇူလိုင် ၆ တွင်ရန်သူ့အလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ် အသုံးအဆောင်ပစ္စည်းအများအပြားတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့သည်။ နခခ (၂) တွင် စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံတပ်ရင်းများ စုပေါင်းခုခံတိုက်ခိုက်ခဲ့ကြသည်ဟု AA ကဆိုသည်။
AA သည် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟုကြေငြာထားကာ မြေပုံ၊ မင်းပြား ၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကိုသိမ်းပိုက်ထားသည်။ လက်ရှိတွင်အမ်း၊ မောင်တော ၊သံတွဲရှိ စစ်စခန်းများကို တိုက်နေသည်။ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိလာကာ စစ်တွေကိုလည်း AA ကဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သိမ်းတိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်သည်ဟု ခန့်မှန်းရသည်။
ကျောက် ဖြူ၊စစ်တွေနှင့်တောင်ကုတ်ရှိစစ်စခန်းများကို ပိတ်ဆို့ထားပြီဟု AA က ယမန်နေ့ထုတ်ပြန်ချက်တွင် ထုတ်ဖော်ပြောဆိုလာပြီဖြစ်သောကြောင့် ထိုမြို့များတွင်လည်း မကြာမီတိုက်ပွဲဖြစ်လာနိုင်သည်ဟု ဒေသခံများ က ယူဆကြသည်။