သတင်း

တိုက်ပွဲကြားတွင် တောင်ပြုန်းပွဲ ရက်စွဲထွက်လာ၊ ဒေသခံတို့ လုံခြုံရေးမေးခွန်းထုတ်

နာမည်ကျော် တောင်ပြုန်းပွဲတော်ကို သြဂုတ်လလယ်တွင် ကျင်းပမည်ဟု ကြေညာထားပြီး ပွဲနေ့မတိုင်မီ တိုက်ပွဲဖြစ်လာပါက ဆိုင်ခန်းခပြန်အမ်းမည်ဟု ကျင်းပရေးကော်မတီက ပြောသည်။

မန္တလေးတိုင်းအတွင်း စစ်ဖြစ်နေသည့် မတ္တရာမြို့နယ်တွင် ကျင်းပမည့် တောင်ပြုန်းပွဲတော်မှာ လုံခြုံရေးစိုးရိမ်ရသည်ဟု ဒေသခံများက ပြောကြပြီး ပွဲတော်ကျင်းပရေးကော်မတီကလည်း တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည်ကို နားလည်သည်ဟု ပြောသည်။

သြဂုတ်လလယ်တွင် ပွဲလုပ်မည့် တောင်ပြုန်းကြီးရွာသည် မန္တလေးမြို့မှအထွက် မတ္တရာမြို့၏ တောင်ပိုင်းတွင် တည်ရှိသည်။ နယ်မြေချင်းထိစပ်နေသည့် မတ္တရာမြို့နယ်အတွင်းတွင်လည်း တအာင်းတပ်TNLA အပါအဝင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့က အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များကို ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်။

နာမည်ကျော် တောင်ပြုန်းပွဲ ကျင်းပမည့်ရက်ကို တစ်လကျော် ကြိုတင် ကြေညာထားသော်လည်း မီးစဉ်ကြည့်ကရမည်ဟု ပွဲတော်ကျင်းပရေးကော်မတီက ပြောသည်။

“အခုကတော့ အခြေအနေကို စောင့်ကြည့်ပြီးတော့ ဆောင်ရွက်နေရတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်၊ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီးတော့ သင့်တင့်လျောက်ပတ်အောင် ဆောင်ရွက်သွားမယ့် အနေအထားပဲရှိတယ်ဗျ” ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဦးကျော်ကျော်က Myanmar Now ကို ပြောသည်။

ထိုပွဲတော်ကို သြဂုတ်လ ၁၂ရက် မှ စတင်ပြီး ၁၅ ရက်တိုင် ကျင်းပမည်ဟု ကော်မတီက ထုတ်ပြန်ထားသည်။

အာဏာသိမ်းတပ်က မတ္တရာမြို့နယ်အတွင်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသလို တော်လှန်ရေးတပ်များကလည်း ထိုစစ်ကြောင်းများကို တိုက်ခိုက်တတ်ကြသဖြင့် တိုက်ပွဲကာလတွင် ပွဲတော်ကျင်းပရန် စီစဉ်ခြင်း မသင့်တော်ကြောင်း မတ္တရာဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက မဝေးတော့ဘူးဆိုတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒီအချိန်မှာမှ ခုလို ကြေညာတာက မရိုးဖြောင့်ဘူး။ ပြည်သူတွေကို လူသားဒိုင်းလုပ်ချင်တာလား၊ ဘယ်လိုသဘောလဲတော့ မသိဘူးပေါ့ဗျာ” ဟု သူက ဆိုသည်။

အလားတူ တောင်ပြုန်းကြီးရွာအနီး ညောင်ကုန်း၊ သုံးဆယ်ပေး ကျေးရွာများတွင်လည်း ဇွန်လအတွင်း စတင်ခဲ့သည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဖွယ်ရှိနေရာ တိုက်ပွဲသတင်းများကို ဖုံးလွှမ်းစေရန် ရိုးရာနတ်ပွဲကို ကျင်းပခြင်းဖြစ်နိုင်သည်ဟု အထက်ပါမတ္တရာမြို့ခံ အမျိုးသမီးက ဆိုသည်။

“သူတို့ကတော့ တိုက်ပွဲနီးလာတာကို ဘာမှမဖြစ်သယောင်၊ အေးချမ်းနေသယောင် သတင်းဖုံးချင်၊ ကာကွယ်ချင်တာလို့ ယူဆရပါတယ်။ ဒါပေမဲ့ သူတို့ကြေညာတာတစ်ပိုင်း၊ ပွဲဖြစ်ဖို့ မဖြစ်ဖို့တောင် ဘာမှကြိုမပြောနိုင်ကြတဲ့ အခြေအနေပဲ” ဟု ပြောသည်။

ပွဲတော်ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးကျော်ကျော်က လုံခြုံရေးကို မြို့နယ်က တိုက်ရိုက်တာဝန်ယူပြီး မီးသတ်နှင့် မြို့နယ်ရဲတပ်ဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ပွဲတော်ကျင်းပမည်ဟု ဆိုသည်။

ကော်မတီက ဆိုင်ခန်းပေါင်း ၃၀၀ ခန့် ရောင်းချရန် ပြင်ဆင်ထားသည်ဟု သိရသည်။

အာဏာမသိမ်းမီနှင့် ကိုဗစ်ကပ်ဘေး မတိုင်မီက တောင်ပြုန်းပွဲတော်တွင် ရောင်းချသည့် ဆိုင်ခန်းအရေအတွက်မှာ ၉၀၀ ကျော် ရှိခဲ့သည်။

ပွဲနေ့မတိုင်မီ တိုက်ပွဲဖြစ်လာပါက ဆိုင်ခန်းခငွေကို ပြန်ပေးမည်၊ ပွဲတော်ကျင်းပနေစဉ်အတွင်း တိုက်ပွဲဖြစ်လာပါက ငွေပြန်မပေးဟု ဦးကျော်ကျော်က ပြောသည်။

“သတ်မှတ်ရက်မရောက်ခင် အခြေအနေမကောင်းဘူးဆိုရင် ကျွန်တော်တို့ထုတ်ပေးမှာ ဖြစ်ပါတယ်၊ သတ်မှတ်ရက်ထက် လွန်မြောက်သွားလို့ ပွဲစပြီဆိုရင်တော့ ပေးသွင်းထားတဲ့ငွေကတော့ ပြန်ပေးမှာ မဟုတ်ဘူး၊ ဘဏ္ဍာတော်ငွေဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတဲ့ အခြေအနေပဲ ရှိပါတယ်” ဟု ပွဲတော်ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌက ပြောသည်။

မန္တလေးတိုင်း အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်ရှိ တောင်ပြုန်းပွဲတော်သို့ နိုင်ငံအတွင်း ရိုးရာနတ်ကိုးကွယ်သူများနှင့်ခရီးသွားဧည့်သည်များ သိန်းချီလာရောက်လေ့ရှိခဲ့သည်။

မတ္တရာမြို့နယ်အပါအဝင် အနီးဝန်းကျင်မြို့များဖြစ်သော စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်တို့၌ ဇွန် ၂၅ နေ့မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button