စစ်ရုံးချုပ် တည်ရှိရာ နေပြည်တော် လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်အဖွဲ့များကို ပိုမိုအသုံးပြုလာသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီက စစ်စခန်းများဆုံးရှုံး၊ လက်နက်ချသူနှင့် ထိခိုက်သေဆုံးသူ များပြားခြင်းတို့ကြောင့် အင်အားလိုအပ်ချိန်တွင် နေပြည်တော်တာဝန်ကျ စစ်သားအများအပြားကို ရှေ့တန်းပို့နေသည်၊ ဇွန်လဆန်းမှ စတင်ကာ စစ်မှုထမ်းဟောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ရောက်လာသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီမှာ (နေပြည်တော်မှာ) နှစ်နဲ့ချီနေပြီးခဲ့သူတွေဆိုရင် တိုက်ပွဲဖြစ်တဲ့ မြို့ကို ပြောင်းခိုင်းတာမျိုးတွေရှိတယ်၊ နေပြည်တော်မှာအတွေ့ကြုံမရှိတဲ့ လူငယ်တွေနဲ့ စစ်မှုထမ်းဟောင်းတွေကို တွဲပြီး တာဝန်ချတာမျိုးတွေတော့ တွေ့တယ်” ဟု နေပြည်တော်တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများသည် နေပြည်တော်တွင် သက်သောင့်သက်သာရှိသည့်တာဝန် ယူနေရသည်ဟု စစ်သားဟောင်းတစ်ဦးက ဆိုသည်။
“အသက်ကြီးပြီး ရှေ့တန်းမထွက်နိုင်တဲ့သူတွေကို မြို့တွင်းလုံခြုံရေးအနေနဲ့ သုံးတာပေါ့၊ ဒီမှာက တိုက်ပွဲလည်းမရှိတော့ ဖိအားမရှိဘူးလေ၊ လူကြီးလမ်းကြောင်းရှိတဲ့အချိန်ပဲ လုံခြုံရေးအားစိုက်ရတာ” ဟု နေပြည်တော်နေ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။
၎င်းတို့ကို ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းဆုံလမ်းခွများတွင် တွေ့နိုင်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းမှုကို လူဦးရေသိန်းနှင့်ချီ ဆန္ဒပြခဲ့သည့် သပြေကုန်းအဝိုင်းတွင် လုံခြုံရေးကင်းတဲ ၃ ခုနှင့် ရဲကား ၇ စီးထက်မနည်း တွေ့ရသော်လည်း လက်နက်ကိုင် ၇ ဦးခန့်သာရှိပြီး ထိုအထဲတွင် အသက် ၆၀ ကျော် အရွယ်များလည်း ပါဝင်သည်။
“ပုံမှန်လုံခြုံရေးထားတဲ့ကင်းတဲတွေမှာ ခုနောက်ပိုင်း အသက်ကြီးကြီး စစ်သားတွေပဲ တွေ့ရတယ်၊ အင်အားလည်း အတော်နည်းသွားတယ်” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်း၊ လယ်ဝေးမြို့နယ်များရှိ ပြည်သူ့စစ်များနှင့်လည်း ဇွန်လ ဒုတိယပတ်အတွင်း တွေ့ဆုံခဲ့သေးသည်။ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများအရ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များ မြို့နယ်တစ်ခုချင်းစီတွင် အင်အား ၁၀၀ ကျော်ခန့်ရှိနိုင်သည်ဟု ယုံကြည်ရသည်။
ဦးသန်းထွန်းဦး ပြည်သူ့စစ်များနှင့် တွေ့ဆုံခဲ့သည့် မြို့နယ်နှစ်မြို့သည် တော်လှန်ရေးအင်အားစုများ အားကောင်းနေသည့်ပဲခူးတိုင်းအရှေ့ဘက်ခြမ်းနှင့် ကရင်နီတို့နှင့် နယ်ချင်း ထိစပ်နေသည့် နေရာများဖြစ်သည်။
ဖေဖော်ဝါရီလမှစ၍ လယ်ဝေးမြို့နှင့် ပဲခူးတိုင်းထိစပ်နေသည့် ကျေးရွာတချို့တွင် အရပ်သားများကို ရပ်ရွာလုံခြုံရေးခေါင်းစဉ်ဖြင့် ကင်းစောင့်ခိုင်းသည်၊ ပြည့်သူ့စစ်တချို့ကိုလည်း လုံခြုံရေးတာဝန်ပေးထားသည်ဟု ဒေသခံများက ပြောသည်။
“ညဘက်ကင်းစောင့်တာ လာစစ်တယ်၊ အရင်က စစ်သားတွေ၊ ခုက ပြည်သူ့စစ်ဆိုတဲ့ ကောင်တွေပါလာတာ၊ အဲကောင်တွေက အိပ်နေရင် ဆဲဆို ကြိမ်းမောင်းသွားတာ၊ အချို့တွေဆိုရင် ရိုက်နှက်သွားတာတောင် ရှိသေးတယ်” ဟု လယ်ဝေးမြို့နယ်တွင် ကင်းစောင့် လုပ်အားပေးခဲ့ဖူးသည့် ဒေသခံအမျိုးသားက ဆိုသည်။
တော်လှန်ရေးအင်အားစုက နေပြည်တော်ရှိ အေလာလေတပ်စခန်း၊ စစ်ရုံးချုပ်တို့ကို ဧပြီလအတွင်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုကြောင့် နေပြည်တော်လုံခြုံရေးနှင့် ပက်သက်၍ စစ်တပ်အသိုင်းအဝိုင်းတွင် စိုးရိမ်မှုများရှိနေကြသည်။
နေပြည်တော်တွင် ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ရှစ်ခုရှိကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သန်းကျော် နေထိုင်သည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး စစ်ရေးအခြေအနေမလှသည့် စစ်ကောင်စီသည် အရန်တပ်ဖွဲ့ဥပဒေကို အသုံးချလျက် အငြိမ်းစားစစ်မှုထမ်းဟောင်းများကို တပ်ထဲ ပြန်လာရန် ဆင့်ခေါ်ကာ ဇွန်လဆန်းပိုင်းကာ တာဝန်ပြန်ထမ်းစေသည်။
စစ်မှုထမ်းဟောင်းများကို ထမ်းဆောင်ခဲ့ဖူးသည့် တာဝန်များအပေါ် မူတည်၍ ပြန်လည်တာဝန်ပေးသည်၊ အသက်ကြီးသူများကို မြို့တွင်းလုံခြုံရေး တာဝန်ထမ်းဆောင်ခိုင်းမည်ဟု စစ်မှုထမ်းဟောင်းတချို့က ပြောသည်။
အလားတူ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး လူငယ်များကို အတင်းအကျပ် စစ်ထဲဝင်စေသည့်နည်းကိုလည်း စစ်ကောင်စီက ထုတ်သုံးလာသည်။
၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူတို့ကို အကြမ်းဖက် နှိပ်ကွပ်ရာမှ လက်နက်ကိုင်ခုခံမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်တို့နှင့် ရင်ဆိုင်ရသဖြင့် စစ်ကောင်စီက နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည်။