
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ဘက် ကျပ်ပြင်ရွာတွင် စစ်ကောင်စီတပ်၏ တပ်စခန်းများကို တအာင်းအမျိုးသားတပ်မတော် – TNLA နှင့် ပူးပေါင်းတပ်များက ယနေ့နံနက်မှ စတင်တိုက်ခိုက်နေရာ ရပ်ကွက်များအတွင်းထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
မိုးကုတ်မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ ကျပ်ပြင်ရွာအနောက်ဘက်တွင်ရှိသည့် တောင်ကုန်းများပေါ်မှ စစ်ကောင်စီတပ်များကို TNLA နှင့် MDY-PDF တို့က ပူးပေါင်းတိုက်ခိုက်နေရာ မွန်းလွဲပိုင်းတွင် ရပ်ကွက်များအတွင်းထိ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။
မိုးကုတ်မြို့၏ အရှေ့ပိုင်းရပ်နှင့် အနောက်ပိုင်းရပ်သည် ၇ မိုင် ဝေးကွာလျက် သီးခြားစွာ တည်ရှိပြီး လတ်တလော တိုက်ပွဲဖြစ်သည့် နေရာမှာ အနောက်ပိုင်းရှိ ရပ်ကွက်များတွင် ဖြစ်သည်။
နံနက် ၉ နာရီခန့်မှ စတင်ကာ ကျပ်ပြင်မြောက်ဘက်ရှိ ဒေါ်နန်းကြည်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ကျပ်ပြင်ကို ဝန်းရံထားသည့် နောက်ထပ်တောင်ကုန်းတချို့ကိုပါ TNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်ဟု သိရသည်။
ဒေါ်နန်းကြည်တောင်မှာ ကျပ်ပြင်နှင့် ကပ်လျက်ရှိသည့်အတွက် တိုက်ပွဲများမှာ ရပ်ကွက်များအနီးသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။
“ဒီနေ့ မနက် ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကျွန်မတို့ TNLA တပ်တို့ နောင်ချို အုမ္မတီးဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်၊ ၆ နာရီဝန်းကျင်ကြတော့ ကျောက်မဲ ငြိမ်းချမ်းရေးကုန်းဘက်မှာ တိုက်ပွဲပြန်ဖြစ်ပြီးတော့ နေ့လယ်ကျတော့ မိုးကုတ်ဘက်က ဒေါ်နန်းကြည်တောင်ဘက်မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်”
“ကျပ်ပြင်မှာက တိုက်ပွဲဖြစ်နေတဲ့ အနေအထားပဲဖြစ်ပါသေးတယ်။ (တိုက်ပွဲတွေက) ရပ်ကွက်နားလောက်ကို ရောက်နေပါပြီ” ဟု လွေးယေဦးက ပြောသည်။
ကျပ်ပြင်ပတ်လည်တွင်ရှိသည့် တောင်ကုန်းများကို တိုက်ခိုက်နေသလို အောင်သစ်လွင်၊ ပန်းမ စသည့် ရပ်ကွက်များတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်ဟု ကျပ်ပြင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒေါ်နန်းကြည်တောင်ဘက် ၂ နာရီလောက်မှာ ငြိမ်သွားပြီး၊ ဒီဘက်မှာက ၃ နာရီလောက်မှာ ပြန်တွယ်တယ်၊ အခု အောင်သစ်လွင်ရပ်ကွက်မှာ လက်နက်ကြီးနောက်တစ်လုံးကွဲတယ်။ ဗုံးစံစတွေတောင် ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ် ကျလာတယ်” ဟု အဆိုပါ မိုးကုတ်မြို့ခံ အမျိုးသားက ပြောသည်။
ပန်းမရပ်ကွက်တွင် ကျပ်ပြင်ရဲစခန်းရှိပြီး အဆိုပါ ရဲစခန်းကို TNLA နှင့် ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို အောင်သစ်လွင်ရပ်ကွက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာတချို့ကိုလည်း သိမ်းပိုက်ထားသည်ဟု မိုးကုတ်ဒေသခံတချို့က ပြောသည်။
“ကျပ်ပြင်အနောက်ပိုင်း ကမ္ဘာအေး (ဘုန်းကြီးကျောင်း) ထဲမှာ တွယ်နေတာ၊ အခု ကလေးတွေ (PDF) ကတော့ အောင်သစ်လွင်လို့ခေါ်တဲ့ ရပ်ကွက်နားမှာ စစ်ကောင်စီတွေတပ်စွဲထားတဲ့နေရာကိုတော့ သိမ်းထားတယ် ကြားတယ်” ဟု အဆိုပါ ကျပ်ပြင်ဒေသခံ အမျိုးသားက ပြောသည်။
ကျပ်ပြင်အရှေ့ဘက် မိုးကုတ်မြို့တွင် ယနေ့မွန်းလွဲပိုင်းအထိ တိုက်ပွဲများမဖြစ်သေးသော်လည်း မြို့ခံများကတော့ လမ်းများပိတ်ထားသည့်အတွက် စစ်ရှောင်၍ မရမည်ကို စိုးရိမ်နေကြသည်ဟု မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျပ်ပြင်ဘက်မှာက ပစ်ခတ်မှုက လုံးဝမရပ်ဘူး။ မြို့ထဲကိုလည်း ဘယ်အချိန် ဘယ်အခါရောက်လာမလဲဆိုတာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်။ မြို့ထဲမှာ အားလုံးကလည်း စိုးရိမ်နေကြတယ်၊ မိုးကုတ်-မန်းလေး-မြစ်ကြီးနားလမ်းကလည်း ပိတ်ထားတဲ့ အခြေအနေဖြစ်နေတော့ ဘယ်မှ ထွက်လို့မရဘူးဖြစ်နေတယ်” ဟု အဆိုပါ မိုးကုတ်ဒေသခံ အမျိုးသားက ပြောသည်။
မိုးကုတ်မြို့အနီးတစ်ဝိုက်တွင် ယမန်နေ့မှစတင်ကာ လက်နက်ကြီးသံများ စတင်ကြားနေရပြီး စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်မှုတချို့ ရှိခဲ့သည်ဟု TNLA ပြန်ကြားရေးရုံးမှ တာဝန်ခံ လွေးယေဦးက ပြောသည်။
“မနေ့က မိုးကုတ်ဘက်က ပိန်းအင်ကျေးရွာဘက်မှာ လေကြောင်းက ဗုံးကြဲတယ်။ အဲဒီမှာ ဒေသခံနှစ်ဦးထိခိုက်ပြီးတော့ တစ်ဦးကတော့ သေဆုံးသွားတယ်။ ဒေသခံနေအိမ်တွေလည်း ပျက်စီးသွားတာမျိုးလည်း ရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။
မန္တလေးတိုင်းအတွင်း မတ္တရာမြို့နယ်၏ အရှေ့ဘက် အင်ကြင်းမြိုင်ရွာတွင်ရှိသည့် စစ်ကောင်စီတပ်၏ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အခြေစိုက်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ MDY-PDF နှင့် မိုးကုတ်စစ်ဗျုဟာတပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် စခန်းကို စီးနင်းနိုင်ပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း မိုးကုတ်ဗျူဟာတပ်ရင်းတစ်ခုမှ ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အင်ကြင်းမြိုင်က ရပြီ၊ ရပြီးတော့မှ အင်ကြင်းမြိုင်မှာ တပ်စွဲထားချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ပြန်ပြီးတော့ တိုက်ခိုက်တာပေါ့၊ ဒီလိုပါပဲ ရထားပြီးပြီလို့ ပြောမယ်ဆိုလည်း မဟုတ်သေးဘူးပေါ့ဗျာ။ ရလိုက် သူတို့လေကြောင်းက ကြဲလိုက်၊ ကျွန်တော်တို့က ကာလိုက်ပေါ့ အဲဒီလိုမျိုးပါ” ဟု အဆိုပါ ရှေ့တန်းရောက်တပ်ဖွဲ့ဝင်က ပြောသည်။
တိုက်ပွဲပြင်းနေသည့် အင်ကြင်းမြိုင်ရွာကို စစ်ကောင်စီတပ်က စစ်ကူပို့လွှတ်နေပြီး အဆိုပါ စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ယခုနှစ် ဇန်နဝါရီလဆန်းတွင် ရှမ်းမြောက်၌ တိုက်ပွဲများ ရပ်တန့်ရေး ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဆေးနွေးပြီး သဘောတူခဲ့ကြသည်။
သို့သော် စစ်ကောင်စီတပ်က အဆိုပါ ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်နေပြီး မိမိတို့ကို တိုက်ခိုက်နေသည့်အတွက် ခုခံစစ်ပြန်လည်ဆင်နွှဲနေခြင်းဖြစ်ကြောင်း TNLA က ပြောသည်။