သတင်း

ဝိုင်းမော်မြို့တွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံတစ်ဦး လက်နက်ကြီးထိပြီး သေဆုံး

မြစ်ကြီးနားမြို့နှင့် ကပ်လျက်တည်ရှိသည့် ဝိုင်းမော်တွင် ရွာများ ပစ်ခတ်ခံနေရပြီး အမျိုးသားတစ်ဦး သေဆုံးသွားသည်၊ ဒေသခံအများစုမှာ ဘေးလွတ်ရာ ရှောင်တိမ်းနေကြသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ယမန်နေ့ (ဇွန် ၂၁) ညပိုင်းက ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားသည်။

ဝိုင်းမော်နှင့် ကပ်လျက်တည်ရှိသည့် မြစ်ကြီးနားမြို့ပေါ်မှ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ နမ့်ဝါရွာအနီးရှိ ရာဘာတောထဲသို့ ကျရောက်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး ရင်ဘတ်တွင် လက်နက်ကြီးစထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၄၀ အရွယ် ကိုကရင်ကြီး (ခ) ကျော်ဆန်းလွင်ဖြစ်ပြီး ယနေ့နံနက်တွင် ၎င်း၏ အမျိုးသမီးက ဝါရှောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် သက်ပျောက်ဆွမ်း လာရောက်ကပ်ခဲ့ကြောင်း ဝါရှောင်ဆရာတော် ဦးဝိဇိယက မိန့်သည်။

“မီးလုံးနီနီကြီး တစ်မြို့လုံး မြစ်ကြီးနားရော၊ ဝိုင်းမော်ရော အကုန်လုံးမြင်တယ်၊ ည ၁၀ နာရီခွဲလောက်မှာ ချကြတာပဲ၊ ပစ်တာပဲ၊ မနက်ကျတော့ ငှက်ပျောခြံမှာ သွားကျတယ်ဆိုတာ သိရတယ်၊ ကျင်းအကြီးကြီး ဖြစ်သွားတယ်၊ အဲဒီလက်နက်ကြီးအစ ရင်ဘတ်မှာ မှန်ပြီးတော့ ဆုံးတာ” ဟု ဦးဝိဇိယက မိန့်သည်။

ကိုကျော်ဆန်းလွင်တွင် ဇနီးနှင့် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ဝိုင်းမော်မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ ဝူယန်ရွာအနီးတွင် စစ်ကောင်စီလက်နက်ကိုင်တို့သည် ကချင်လွတ်မြောက်ရေးတပ်တော် (KIA) နှင့် ဇွန်လဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဆိုပါ ပစ်ခတ်မှုများ၊ သေဆုံးမှုတို့နှင့် ပတ်သက်ပြီး နှစ်ဖက်တပ်များကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားနေသည့် ဝူယန်ရွာဝန်းကျင်၊ တစ်ဆက်တည်းရှိနေသည့် လမြန်၊ နမ့်ဝါ၊ ဝါရှောင် စသည့် ဝိုင်းမော်-ကန်ပိုင်တည်လမ်းပိုင်းပေါ်ရှိ ကျေးရွာများသို့ မြစ်ကြီးနားမြို့ပေါ်မှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်နေသည်။

ဇွန် ၁၁ ရက်နေ့မှ စတင်ကာ KIA က ဝိုင်းမော်-ကန်ပိုက်တည် လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းများနှင့် ပြည်သူ့စစ်၊ နယ်ခြားစောင့်စခန်းများကို သိမ်းပိုက်ခဲ့သည်။

ဝိုင်းမော်မြို့ အရှေ့တောင်ဘက်ရှိ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးနီးပါးနှင့် ဝိုင်းမော်-ကန်ပိုင်တည်လမ်း၊ ဝိုင်းမော်ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီစခန်းများကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

တိုက်ပွဲများမှာ ဝိုင်းမော်မြို့နှင့် တဖြည်းဖြည်းနီးကပ်လာရာ မြို့၏အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ ခါးရှိရွာနှင့် မြို့၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ ဝူယန်ရွာအနီးအထိ KIA နှင့် ပူးပေါင်းတပ်များက ရောက်ရှိနေသည်။

တိုက်ပွဲဧရိယာအတွင်း ရှိနေသည့် ကျေးရွာများမှ ဒေသခံအများစုမှာ နီးစပ်ရာ ကျေးရွာများ၊ မြို့များအထိ ရှောင်တိမ်းကြသော်လည်း အချို့ဒေသခံများမှာ အိမ်စောင့်အဖြစ် ကျန်ရစ်နေခဲ့ကြသည်ဟု ဝါရှောင်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“အားလုံးကတော့ ကျီးလန့်စာစားဖြစ်နေကြတာပေါ့လေ၊ (လက်နက်ကြီး) ကျတဲ့အသံတွေက အရမ်းနီးကပ်နေတာ၊ မနေ့ကညနေက ဆိုရင်လည်း လေယာဉ်တစ်ခေါက်ပစ်သွားတာ၊ နမ့်ဝါဘက်မှာဆိုရင်လည်း အိမ်တစ်အိမ် ပျက်စီးသွားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဝိုင်းမော်မြို့အနီး တိုက်ပွဲများ အစပြုသည့် မေလဆန်းပိုင်းမှ စတင်ကာ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဝိုင်းမော်မြို့ပေါ်နှင့် အနီးရှိ ကျေးရွာများမှ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။

Related Articles

Back to top button