သတင်း

စစ်မှုမထမ်းလို၍ တိမ်းရှောင်သည့် လူငယ်ခြောက်ဦး အမှုဖွင့်ခံရ

စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသည့် နေပြည်တော် ဥတ္တရသီရိခရိုင်မှ လူငယ် ၆ ဦး ထွက်ပြေး၍ ထောင်ဒဏ် ၃နှစ်ထိ ချမှတ်နိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသည့် နေပြည်တော် ဥတ္တရသီရိခရိုင်မှ လူငယ် ၆ ဦး ထွက်ပြေး၍ ထောင်ဒဏ် ၃နှစ်ထိ ချမှတ်နိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ထိုသူများသည်  ဥတ္တရသီရိမြို့နယ် တောင်ညိုရွာနှင့် တပ်ကုန်းမြို့နယ်များမှ အသက် ၃၀အရွယ်  အမျိုးသားများ ဖြစ်သည်ဟု ဥတ္တရသီရိခရိုင်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆင့်ခေါ်ခံထားရပြီး မှတ်ပုံတင်စာရင်းသွင်းထားရတဲ့သူတွေက စစ်မှုမထမ်းချင်လို့ ထွက်ပြေးတဲ့သူတွေကို အမှုဖွင့်တာ၊ အားလုံးပေါင်း ခြောက်ယောက်ပါ” ဟု ဥတ္တရသီရိခရိုင်မှ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဥတ္တရသီရိမြို့နယ် ရဲစခန်းတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် ဇွန် ၁၃ ရက်တွင် အမှု ဖွင့်ထားသည်၊ တရားလိုမှာ ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသူက ပြောသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားရာ နိုင်ငံအနှံ့မှ အုပ်ချုပ်ရေးမှူးများက ထိုအသက်အတွင်း အကျုံးဝင်သူများကို စာရင်းကောက်ယူထားကြသည်။

ထိုအခြေအနေများကြောင့် လူငယ်အများစုမှာ အခြားနေရာသို့ အလုပ်ထွက်လုပ်ပြီး နေရာပြောင်းရွှေ့နေထိုင်ကြကြောင်း တပ်ကုန်းမြို့နယ်ရှိ စစ်မှုထမ်းရန်အကျုံးဝင်သူ လူငယ်တစ်ဦးက ပြောသည်။

“အမှုမဖွင့်ခံရကတည်းက အိမ်မှာမနေကြတော့တာ၊ အိမ်ကလူကြီးတွေကိုတော့ ဘယ်သွားလဲ အတင်းမေးနေကြတော့ သူတို့လည်း မိသားစုအတွက် အတော်စိုးရိမ်စိတ်ဖြစ်နေကြတယ်” ဟု ၎င်းကပြောသည်။

စစ်မှုထမ်းရန် ထွက်ပြေးသူများ၏ နာမည်နှင့် အချက်လက်များကို ကျန်ရစ်သူ မိသားစုလုံခြုံရေးအရနှင့် ဖိအားပေးမည်ကို စိုးရိမ်၍ ယင်း ဖြစ်စဉ်ကို သိရှိသူအချို့က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

နေပြည်တော်ရှိ ဇဗ္ဗူသီရိမြို့နယ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူ တစ်ဦးကလည်း နေအိမ်တွင် မနေတော့ဘဲ နေပြည်တော်အတွင်း အခြားမြို့နယ်တစ်ခုတွင် အိမ် ငှားနေထိုင်နေရကြောင်း ဆိုသည်။

“ညဘက်ကားသံကြားလည်း လာခေါ်တာလားဆိုပြီး စိုးရိမ်နေရတာနဲ့ အိမ်မှာမနေတော့တာ၊ လလယ်လောက်ဆိုရင်တော့ မိသားစုဆီပြန်တယ်၊ လကုန်နဲ့ လဆန်းဆိုရင်တော့ ငှားတဲ့ဆီမှာနေချင်နေ မဟုတ်ရင် အခြားမြို့မှာသွားနေတယ်” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများကို အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်း အရာရှိများက ပြည်သူ့စစ်နှင့် စစ်တပ်ထဲဝင်ကြရန် စည်းရုံးနေသည်ဟု သိရသည်။

“ အုပ်ချုပ်ရေးက ဆင့်ခေါ်ခံရတဲ့သူတွေရဲ့ သဘောထားကိုမေးရင် အချို့က ကြောက်ကြောက်နဲ့ လုပ်မယ်ပြောရင် သူတို့ကဖောင်တွေပေးပြီး ပြည်သူ့စစ်လျှောက်လွာဖြည့်ခိုင်းတာ၊စစ်သားအင်အားရှာရတဲ့ အချို့အရာရှိတွေက စစ်တပ်ထဲ ရာသက်ပန် ထည့်ဖြစ်တာတွေရှိတယ်၊ ကြောက်တဲ့သူ နားမလည်တဲ့သူတွေကို အများဆုံးပါတာပဲ” ဟု နေပြည်တော် အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထိုသို့ ပြည်သူ့စစ်နှင့် စစ်တပ်ထဲတွင် စစ်မှုမထမ်းလို၍ ပြည်ပသို့တိမ်းရှောင်၊ အလုပ်လုပ်သူများလည်း ရှိလာနေသည်။

စစ်မှုထမ်းဥပဒေတွင် သာမန်အရပ်သားများအတွက် စစ်မှုထမ်းကာလသည် အများဆုံး နှစ်နှစ်ဖြစ်သည်။ အရေးပေါ်အခြေနေဟု သတ်မှတ်ပါက အမြင့်ဆုံး ၅နှစ်အထိ တိုးနိုင်သည်။ ထို့နောက် စစ်မှုထမ်းကာလ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်ထဲမရောက်မီ လုပ်ကိုင်ခဲ့သည့် အလုပ်ပြန်လုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၃နှစ်ထိချနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသော်လည်း ကျန်ရစ်မိသားစုများကို မည်သို့အရေးယူမည်ဆိုသည့် နည်းဥပဒေ မရှိသေးပေ။

Show More

Related Articles

Back to top button