ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တည်မြို့များသို့ ဝင်ရောက်လာသည့် တော်လှန်ရေးအင်အားစုကို ပိတ်ဆို့ တိုက်ခိုက်ကြရန် ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက အမိန့်ပေးထားသော်လည်း ၎င်း၏ လက်အောက်ရှိ ကာကွယ်ရေးတပ်များ မကြာသေးမီက စခန်းစွန့်ခွာသွားကြသည်ဟု သိရသည်။
ထိုမြို့များသည် ပြည်နယ်မြို့တော် မြစ်ကြီးနားအနီးဝန်းကျင်တွင် တည်ရှိပြီး တရုတ်နယ်စပ်နှင့်လည်း ကပ်လျက်တည်ရှိသည်။
ဇွန်လ ၇ ရက်နေ့ ရက်စွဲတပ် အမိန့်စာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို တိုက်ခိုက်ကြရန် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များဖြစ်သည့် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ မှ တပ်ဖွဲ့မှူးများကို ညွှန်ကြားထားကြောင်း တွေ့ရသည်။
ထိုအဖွဲ့များ စခန်းစွန့်ခွာသွားကြခြင်းမှာ ထိပ်တိုက်မတွေ့လိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု KIA ပြောခွင့်ရအရာရှိက ယူဆသည်။
“BGF (နယ်ခြားစောင့်တပ်) တို့၊ ပြည်သူ့စစ်တို့ဆိုတာကလည်း ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ၊ ကျွန်တော်တို့ ပြည်သူတွေဖြစ်ပါတယ် ဆိုတော့ သူတို့ဘက်ကလည်း ကျွန်တော်တို့ ညီအစ်ကိုတွေ၊ မိသားစုအချင်းချင်းပေါ့၊ စစ်ရေးပဋိပက္ခတွေမဖြစ်ချင်လို့ အခုလိုမျိုးရှောင်သွားတာလည်း ဖြစ်နိုင်တယ်၊ ဦးဇခုန်တိန့်ယိန်းရဲ့ စာတွေကို မလိုက်နာတဲ့ သဘောလည်းဆောင်တာပေါ့” ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
KIA နှင့် ပူးပေါင်းတပ်များက ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည်လမ်းပိုင်းရှိ စစ်စခန်းများကို ဇွန် ၁၁ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။
“ဆဒုံးပတ်ဝန်းကျင်က စခန်းတွေထဲမှာတော့ BGF တို့ ပြည်သူ့စစ်တို့ ထိုင်တဲ့ စခန်းတွေပါ ပါတယ်၊ ၆ ခုလား မသိဘူး ပါပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဒုတိယအချက်ကတော့ ချီဖွေဘက်ကို သွားတဲ့ လမ်းက စခန်းတွေကို သိမ်းတာရှိပါတယ်၊ အဲဒီစခန်းတွေမှာလည်း BGF တို့ ပြည်သူ့စစ်တို့ရဲ့ စခန်းတွေဖြစ်ပါတယ်၊ သူတို့ သီးသန့်ထိုင်တဲ့ စခန်းတွေလည်း ပါပါတယ်၊ စကစနဲ့ ပူးပေါင်းပြီး ထိုင်တဲ့ စခန်းတွေလည်း ပါပါတယ်”
ထို့နေ့တစ်ရက်တည်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့် စစ်စခန်းအရေအတွက် ၄ ခု ရှိသည်၊ ဆုတ်ခွာသွားသည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်စခန်းအရေအတွက် ၆ ခု ရှိသည်ဟု သိရသည်။
ဇွန် ၁၃ ရက်နေ့တွင်လည်း ဝိုင်းမော်-ချီဖွေလမ်းပိုင်းမှ စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင်လည်း ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဆုတ်ခွာ တိမ်းရှောင်သွားကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မြောက်ပိုင်းညီနောင်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအပြီးတွင် KIA က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ထိုးစစ်ဆင်ရာ အခိုင်အမာ တည်ဆောက်ထားသော ဗျူဟာမြောက်စခန်းကုန်းများ အပါအဝင် စစ်စခန်း ၁၀၀ ခန့်ကို သိမ်းနိုင်ခဲ့သည်။
ဦးဇခုန်တိန့်ယိန်းထိန်းချုပ်နယ်မြေထဲမှ အချို့ဒေသများကို KIA က ရရှိထားပြီးဖြစ်သလို မိုင် ၇၀ ကျော်ရှည်သည့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည်လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်ထားသည်၊ မိုင် ၆၀ ကျော်ရှိသည့် ဝိုင်းမော်-ချီဖွေလမ်းပိုင်းတချို့ကိုလည်း ထိန်းချုပ်ထားပြီးဖြစ်သည်။
ဦးဇခုန်တိန့်ယိန်း၏ အမိန့်စာတွင် “ကျွန်တော်တို့ ဒေသကို ဝင်ရောက်လာသည့် ရန်သူမှန်သမျှကို တားဆီးချေမှုန်းကြရမည်။ အိမ်အတွင်း ဝင်ရောက်လာသော ရန်သူများ ပြန်မထွက်သွားရန် တိုက်ခိုက်ချေမှုန်းကြပါ။ ရှေ့နောက်ပိတ်ပြီးတိုက်ခိုက်ချေမှုန်းကြပါ၊ ပြန်လည်ထွက်သွားခွင့် မပေးကြပါနှင့်” ဟု ရေးသားထားပြီး စာ၏ အဆုံးတွင် “ဦးဇခုန်တိန့်ယိန်း စစ်မိန့်ပေးပါသည်” ဟု ရေးသားထားကာ လက်မှတ်ရေးထိုးထားသည်။
အမိန့်စာနှင့် ပတ်သက်ပြီး အထူးဒေသ (၁) ပန်ဝါဌာနချုပ်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် “အဲဒီကိစ္စ ပြောစရာမရှိဘူး” ဟု ဆိုကာ ဖုန်းချသွားသည်။
ဦးဇခုန်တိန့်ယိန်းရုံးက မေ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင်လည်း ထိုးစစ်ဆင်ခံနေရချိန် ကချင်အထူးဒေသ (၁) ရုံးစိုက်ရာ ပန်ဝါမြို့တွင် သူလျှိုများရှိနေနိုင်သဖြင့် မြို့ပေါ်ရှိ KTV များနှင့် Bar ဆိုင်များကို မေ ၂၉ ရက်မှစတင်ကာ ပိတ်သိမ်းထားရမည်ဟု ဖော်ပြထားသည်။
ဦးဇခုန်တိန့်ယိန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ ၁၀၁ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့သည်။
ဗကပ ပြိုကွဲပြီးနောက် ၎င်းထိန်းချုပ်ထားသည့် ဝိုင်းမော်မြို့နယ်ရှိ အချို့ဒေသများနှင့် ဆော့လော်၊ ချီဖွေ၊ ကန်ပိုက်တည်ဒေသများကို ကချင်အထူးဒေသ (၁) အဖြစ် စစ်အစိုးရက သတ်မှတ်ပေးခဲ့သည်။
စစ်အစိုးရလက်အောက်တွင် ဒီမိုကရေစီသစ်တပ်မတော် (ကချင်) အမည်ဖြင့် ၎င်းဖွဲ့ခဲ့သည့် ပြည်သူ့စစ်အဖွဲ့ကို ၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရ၏ အစီအစဉ်အရ နယ်ခြားစောင့်တပ်ရင်း ၄ ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ဒီမိုကရေစီပါတီသစ် (ကချင်) ကို တည်ထောင်ခဲ့ပြီး ဦးဇခုန်တိန့်ယိန်းက နာယကအဖြစ် တာဝန်ယူကာ ၎င်း၏ သား ဇခုန်ယိန်းဆောင်က ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
စစ်တပ်အလိုကျ နေထိုင်လေ့ရှိသည့် ဦးဇခုန်တိန့်ယိန်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်အတွင်း ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သည်။