ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည်လမ်းပိုင်းရှိ စစ်ကောင်စခန်း ၁၀ ခုထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ယခုတစ်ပတ်အတွင်း သိမ်းပိုက်ထားသည်။
ယမန်နေ့ (ဇွန် ၁၃) တွင် ဝိုင်းမော်-ချီဗွေလမ်းပိုင်းရှိ စစ်စခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ စခန်း ၂ ခုကို သိမ်းပိုက်နိုင်သည်၊ ယနေ့နံနက်တွင်လည်း စခန်း ၂ ခု ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မနေ့ကတော့ ကျွန်တော်တို့ တိုင်းရင်းသားအခေါ်ပေါ့နော် စမီခူးဆိုတဲ့ စခန်းတစ်ခုကို သိမ်းတာရှိပါတယ်၊ ဒီနေ့ကတော့ မန်ဒေါင်ဘက်မှာ စခန်း ၂ ခု ဆက်သိမ်းတာရှိပါတယ်၊ ချီဗွေသွားတဲ့ လမ်းမှာ မနေ့ကနေ ဒီနေ့အထိကတော့ ၄ ခုရှိပါပြီ” ဟု ဗိုလ်မှူကြီးနော်ဘူက ပြောသည်။
ဇွန် ၁၁ ရက်နေ့က ဝိုင်းမော်-ကန်ပိုက်တည်လမ်းပေါ်ရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်ခဲ့သည်။ ဆဒုံးမြို့ကိုလည်း ဇွန် ၁၂ ရက်နေ့တွင် သိမ်းပိုက်ပြီး ကန်ပိုက်တည်မြို့အနီးထိ KIA နှင့် ပူးပေါင်းတပ်များ ရောက်ရှိနေပြီဖြစ်သည်။
KIA သိမ်းထားသည့် စခန်းများတွင် စစ်ကောင်စီတပ်များအပြင် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များလည်း ပါဝင်တပ်စွဲခဲ့ပြီး ချီဗွေမြို့အတွက် အရေးကြီးသည့် လုံခြုံရေးစခန်းများ ဖြစ်သည်ဟု သိရသည်။
ယနေ့အထိ ဝိုင်းမော်-ချီဗွေလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်သားအများစုမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းပိုင်းတွင် ခရီးသွားများနှင့် ကုန်ကားများ သွာလာခွင့်မရသေးသည့်အတွက် ကန်ပိုက်တည်မြို့တွင် ခရီးသည်ကားနှင့် ကုန်တင်ကား အစီးရေ ၅၀၀ နီးပါးခန့် ပိတ်မိနေသည်ဟု ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Kachin News Group က ရေးသားထားသည်။
အဆိုပါ လမ်းပိုင်းကို KIA က တမင်ပိတ်ဆို့ထားခြင်းမရှိသော်လည်း တိုက်ပွဲများကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ကားများ သွားလာရာ၌ အဆင်မပြေသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“တိုက်ပွဲဖြစ်နေတဲ့ လမ်းတစ်ကြောလုံးကတော့ သေနတ်သံတွေနဲ့ဆိုတော့ ကားသွားလာလို့ကတော့ မရပါဘူး၊ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကျွန်တော်တို့က ပိတ်ဆို့တာ၊ ဖြတ်တောက်တာတော့ မရှိဘူး၊ တိုက်ပွဲဖြစ်နေလို့ သွားရေးလာရေးအဆင်မပြောတာ အဲဒါလောက်ပါပဲ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကန်ပိုက်တည်မြို့အနီးထိ KIA တပ်များ ရောက်ရှိနေပြီဖြစ်သောကြောင့် ဒေသခံတချို့သည် မြို့ကို စွန့်ခွာပြီး တရုတ်နိုင်ငံတွင်း တိမ်းရှောင်ကြသလို တချို့မှာ တရုတ်နယ်စပ်မျဉ်းအနီးတွင် ယာယီတဲထိုးပြီး နေထိုင်နေကြရသည်။
ကန်ပိုက်တည်မြို့ပေါ်ရှိ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာ ရုံးတချို့နှင့် စာသင်ကျောင်းများ ပိတ်ထားကြပြီး အချို့ဌာနဆိုင်ရာဝန်ထမ်းများ တရုတ်နိုင်ငံတွင်းသို့ တိမ်းရှောင်သွားကြသည်ဟု သိရသည်။
“ပြည်သူလူထုတွေ အနည်းငယ်လောက်တော့ တိမ်းရှောင်သွားကြတာနေမှာပါ၊ အဲဒါကြောင့် အသေးစိတ်ကတော့ ကျွန်တော်တို့ မဆက်သွယ်သေးဘူး၊ အဲဒါကြောင့် တိတိကျကျတော့ သတင်းပေးလို့မရဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲများ နီးကပ်လာသည့်အတွက် စစ်ကောင်စီတပ်၏ လက်နက်ကြီးရန်ကိုလည်း စိုးရိမ်နေရသည်ဟု ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မြစ်ကြီးနားဘက်က လှမ်းလှမ်းပစ်တဲ့ လက်နက်ကြီးတွေက တိုက်ပွဲဖြစ်တဲ့နေရာတွေကို မကျဘဲ မြို့ထဲဘက်ကိုပဲ ခဏခဏကျနေတော့ မပြေးဘဲ ကျန်နေတဲ့ ဒေသခံတွေအကုန်လုံးက ကြောက်နေကြရတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၀ ရက်နှင့် ၁၁ ရက်နေ့များကလည်း ဝိုင်းမော်မြို့ပေါ်ရှိ သိမ်ကြီစုရပ်ကွက်နှင့် ခတ်ချိုရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးရပ်တန့်နေချိန်တွင် KIA က ထိုးစစ်ကြီးတစ်ခုဆင်နွှဲခဲ့ရာ သုံးလကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင် စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့၊ ဆဒုံးမြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။