
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းညီနောင်၊ မဟာမိတ်တပ်တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်နေပြီး မြို့ခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။
မတူပီမြို့နယ်တွင် လတ်တလောတိုက်ပွဲကြောင့် နေရပ်စွန့်လာသူ ၇၀၀ ကျော်ရှိနေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် Matupi Chin Refugee Community – MCRC တာဝန်ရှိ အမျိုးသမီးက ပြောသည်။
“မြို့မှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်တော့မယ်ဆိုတဲ့ သတင်းကြောင့် လွန်ခဲ့တဲ့ ၃ ပတ်ကတည်းက အစုလိုက်စစ်ရှောင်နေကြတာ။ မြို့ပေါ်က ဘာသာရေး ခေါင်းဆောင်တချို့လည်း မီဇိုရမ် (အိန္ဒိယနိုင်ငံထဲက ပြည်နယ်) ထဲ ရှောင်လာကြတာရှိတယ်” ဟု သူက ပြောသည်။
အများစုသည် စစ်ဘေးလွတ်ရာ တောတောင်များအတွင်း ခိုလှုံနေကြသည်။
MCRC နှင့် မီဇိုရမ်ပြည်နယ် အလှူရှင်များ တွေ့ဆုံကာ မတူပီမြို့နယ်တွင်း စစ်ရှောင်များအရေး ဆွေးနွေးမည်ဟု သိရသည်။
“ကျွန်မတို့လည်း သူတို့ကို မိုးကာနည်းနည်းပါးပါး ထောက်ပံ့ပေးတယ်။ အများကြီး လိုသေးတယ်။ ကျောင်းနေကလေးတွေလည်း များတယ်၊ အဘိုးအဘွားလည်း ပါတယ်။ အိမ်သာ ဘာညာလည်း လိုအပ်နေတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်ထုတ် အချက်အလက်အရ မတူပီမြို့တွင် လူဦးရေ ၈၄၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည့် ချင်းညီနောင်အဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်လာသည့် ချင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့ဖြစ်သည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပါဝင်သည်။
မတူပီမြို့ပေါ်ရှိ စစ်ကောင်စီတပ်အခြေစိုက်ရာနေရာများကို ဇွန်လ ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
မတူပီမြို့တွင် စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချတစ်ခုရှိပြီး ခမရ (၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်းတို့ အခြေစိုက်သည်။
မြို့ပေါ်ရှိ စစ်သားများ တပ်စွဲခဲ့သည့် ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ချင်းညီနောင်အဖွဲ့ဘက်က သိမ်းပိုက်ရထားသည်၊ ခလရ (၃၄၀) တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ချင်းပြည်နယ်အတွင်း တိုက်ပွဲသတင်းများဖော်ပြနေသည့် Matupi Revolutionary News က ရေးသားသည်။
မတူပီမြို့နယ်တွင် လိုင်းလင်းပီနှင့် ရေဇွာ မြို့ ၂ မြို့ရှိပြီး အဆိုပါမြို့ ၂ မြို့ကို ချင်းအမျိုးသားတပ် (CNA) နှင့် မဟာမိတ်တပ်များက သိမ်းထားသည်။ CNA ဦးဆောင်သည့် တပ်များနှင့် ချင်းညီနောင်အဖွဲ့သည် အပြည့်အဝ မပူးပေါင်းနိုင်သေးဘဲ သီးခြားစီ တိုက်ပွဲဖော်ဆောင်နေကြသည်။
မတူပီမြို့တိုက်ပွဲသည် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များအတွက် ချင်းပြည်နယ်တွင် တတိယအကြိမ်ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးဖြစ်ပြီး မတူပီတိုက်ပွဲမတိုင်မီက ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့် တီးတိန်တိုက်ပွဲကို ဖော်ဆောင်ထားသည်။
ချင်းညီနောင်အဖွဲ့သည် ကျင်ဒွေးတိုက်ပွဲတွင် အောင်မြင်မှုရထားပြီး တီးတိန်မြို့ကိုမူ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။