
ယနေ့ (ဇွန် ၁၁) နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်အနီး ဝိုင်းမော်မြို့နယ်အတွင်း စစ်စခန်း ၃ ခုကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်လိုက်ပြီး တိုက်ပွဲများ ဆက်ရှိနေသည်၊ မြို့ထဲသို့ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး သေဆုံးသည်ဟု သိရသည်။
နံနက် ၅ နာရီခန့်မှစတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဝိုင်းမော်မြို့-ဆဒုံး-ကန်ပိုက်တီလမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ ၁၃ မိုင် ဂိတ်စခန်း၊ ဘွမ်တောင်စခန်း၊ ဆဒုံးလမ်းခွဲစခန်းတို့ကို ဝင်တိုက်ကြခြင်း ဖြစ်သည်။
တိုက်ပွဲစတင်ပြီး နာရီပိုင်းအကြာမှာပင် အဆိုပါ စခန်းသုံးခုလုံးကို သိမ်းပိုက်လိုက်နိုင်သည်၊ စခန်းဝန်းကျင်တွင် ပစ်ခတ်မှုများ ဆက်ရှိနေသေးသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“လောလောဆယ်ကတော့ (စခန်း) ၃ ခု ဖြစ်ပါတယ်ခင်ဗျာ့။ ဒီမနက် မိုးလင်းတာနဲ့ ဝင်တိုက်တာ ဖြစ်ပါတယ်။ အခုထက်ထိပေါ့နော်၊ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်၊ အဲဒီပတ်ဝန်းကျင်တွေမှာပဲ၊ သိမ်းပိုက်လိုက်တဲ့ စခန်းတွေရဲ့ ပတ်ဝန်းကျင်တွေမှာပဲ ဆက်ဖြစ်နေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို မွန်းလွဲပိုင်းတွင် ပြောသည်။
ထိုစခန်းများရှိ စစ်ကောင်စီတပ်၏ အင်အား၊ နှစ်ဖက်ထိခိုက်မှု၊ စခန်းများ၏ အရေးပါမှု အခြေအနေတို့ကို မသိရသေးပေ။
၁၃ မိုင်စခန်းမှာ စုပေါင်းဂိတ်တစ်ခုဖြစ်ပြီး ဝိုင်းမော်မြို့၏ အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ ချီဖွေ-ကန်ပိုက်တီလမ်းဆုံတွင် ရှိသည်။
ဘွမ်တောင်စခန်းမှာ ဝိုင်းမော်မြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းပေါ်တွင် ရှိသည်။
နောက်ဆုံးသိမ်းပိုက်လိုက်သည့် စခန်းမှာ နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တီနှင့် ၁၈ မိုင်ခန့်သာ ဝေးသည့် လဖိုင်ရွာအနီးတွင်ရှိပြီး စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တစ်ခု ဖွင့်ထားသည့် စခန်းဖြစ်သည်။
၁၃ မိုင်ဂိတ်နှင့် နှစ်မိုင်ခန့်ဝေးသည့် ဝါရှောင်ရွာမှ ဒေသခံများကမူ ပစ်ခတ်သံများကြားရသည်၊ နံနက် ၉ နာရီခန့်တွင် လေတပ်က ရွာအနီး ကင်းထောက်ပျံသန်းခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် အထိနာလျှင် အရပ်သားများ ပိုမို သတိထားရတော့မည်ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
“၁၃ ဂိတ်ကို သိမ်းလိုက်ပြီးတော့ ဂျက်တစ်စီးနဲ့ ဟတ်စကီးတစ်စီး လာဝဲတယ် ဝဲပြီးတော့ ပြန်တိတ်သွားတာ၊ နှစ်နာရီ သုံးနာရီလောက် တိတ်နေပြီးတော့ ခုနကမှ နှစ်ချက်လောက် ပြန်ကြားရတယ်၊ (စစ်တပ်) သူတို့တွေက အသိမ်းခံရပြီဆိုရင်တော့ ညက အန္တရာယ်များတယ်” ဟု အထက်ပါ ဝါရှောင်ရွာသားက မွန်းလွဲပိုင်းတွင် ပြောသည်။
တိုက်ပွဲဖြစ်ပွားရာသို့ ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ကောင်စီတပ်စခန်းတို့က လက်နက်ကြီးပစ်ကူပေးခဲ့သည်။
အရပ်သားသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က သိမ်းကြီးစုရပ်ကွက်ရှိ လမ်းသွယ် ၁၃ သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့ရာ အသက် ၅၇ နှစ်အရွယ် ဒေါ်နန်းလိုင်ဆိုသူ သေဆုံးခဲ့သည်ဟု သိရသည်။
ယမန်နေ့ကလည်း ခတ်ချိုရွာသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၇ ဦး ဒဏ်ရာရခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ကိုသားငယ်ဆိုသူမှာ ဝိုင်းမော်ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။
ထို့ပြင် ဝိုင်းမော်-ဆဒုံးလမ်းပေါ်ရှိ လမြန်ရွာမှ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကိုလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် ဘုရားကျောင်းပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးကျရောက်သည့် နေရာအများစုတွင် တိုက်ပွဲများမရှိသလို ၎င်းတို့တပ်ဖွဲ့ဝင်များလည်း မရှိဘဲ စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်နေခြင်းသာဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“သူတို့ကတော့ တိုက်ပွဲရှိရှိ မရှိရှိ ဘာမှမဆိုင်ဘူး ထင်တဲ့နေရာမှာ သူတို့ကပစ်တာပဲ။ မနေ့ကလည်း ခတ်ချိုဘက်မှာ ပစ်တယ်၊ အဲဒီနေရာမှာလည်း ဘာမှ တိုက်ပွဲမှမရှိတာ။ ကျွန်တော်တို့ KIA တပ်ဖွဲ့တွေလည်း မရှိဘူး ရမ်းသန်းပစ်နေတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အဲဒီဘုရားကျောင်းမှာလည်း ကျွန်တော်တို့ နေရာယူတာလည်း မရှိဘူး တခြားတပ်ဖွဲ့တွေလည်း နေရာယူတာလည်းမရှိပါဘူး။ သူတို့က ရမ်းသန်းပစ်တာပါ။ ပြည်သူလူထုကို ဒုက္ခပေးတာသက်သက်ပါ”
ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်လိုကြောင်း ကျေးရွာတချို့က အကူအညီတောင်းနေကြသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူ ဝါရှောင်ဆရာတော် ဦးဝိဇိယက မိန့်သည်။
သို့သော်လည်း အကူအညီလိုသူ အားလုံးကို သွားရောက်ကယ်ထုတ်ရန်၊ တစ်ပြိုင်နက် ကူညီရန်မှာ တိုက်ပွဲများကြောင့် အခက်အခဲရှိနေကြောင်း ဆရာတော်က မိန့်သည်။
“စစ်ရှောင်စခန်းနဲ့လည်း နီးတော့ ဘုန်းဘုန်းကို လှမ်းပြီးမေးကြတာပေါ့၊ ဘယ်လိုလုပ်ကြမလဲ ကူပေးပါဦးတဲ့၊ ပြေးရမလား၊ ဆက်နေရမလား၊ အဲဒီလိုတွေဖြစ်နေတယ်” ဟု ဆရာတော်က မိန့်သည်။
လတ်တလောတွင် ဝိုင်းမော်မြို့နယ်အနီးရှိ နောင်စီပေါ၊ ဘီဘရာ၊ ခတ်ချို၊ သိမ်းကြီးစု၊ လွယ်ဂျော်၊ နမ့်ဝါ စသည့် ရွာများမှာ စစ်ရှောင်ရန်အတွက် ဆရာတော်ထံ အကူအညီတောင်းခံထားကြသည်ဟု ဦးဝိဇိယထံမှ သိရသည်။
ယမန်နေ့ကလည်း ဝိုင်းမော်မြို့နှင့် နှစ်မိုင်ခန့်အကွာ နောင်စီပေါရွာနှင့် ခါရှိရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သလို တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အရေးကြီးစစ်စခန်းတစ်ခုကိုလည်း KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်။
“ပတ်ဝန်းကျင်က ရွှေမှော်တွေဘာတွေကို ထိန်းတဲ့ စခန်းကုန်းဖြစ်ပါတယ်၊ ဗျူဟာမြောက်တဲ့ စခန်းကုန်းတစ်ခုဖြစ်ပါတယ်။ အဲဒါကို မနေ့က ကျွန်တော်တို့ သိမ်းပိုက်လိုက်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါစခန်းမှာ ၂၀၁၈ ခုနှစ်ခန့်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ KIA ထံမှ သိမ်းယူထားခြင်း ဖြစ်သည်။
တနိုင်းမြို့နယ်ရှိ ရွှေနှင့် ပယင်းမှော်များထိန်းချုပ်ထားရာ နမ်ဗျူစခန်းကို မေ ၁၆ ရက်နေ့တွင် KIA က သိမ်းပိုက်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း KIA က ထိုးစစ်ကြီးတစ်ခုဆင်နွှဲခဲ့ရာ နှစ်လကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင်စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။