မန္တလေးမြို့ရှိ လူစည်ကား၍ အချက်အချာကျသော နေရာ ၂ ခုတွင် နေထိုင်သူများကို အမြန်ဆုံးပြောင်းရွှေ့ပေးရန် စစ်ကောင်စီက ဖိအားပေးနေသည်ဟု ထိုနေရာတွင် နေထိုင်သူများနှင့် မြို့ခံများက ပြောသည်။
မန္တလေးမြို့ မြို့လယ် ၇၁ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်း၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်းအနီး တိုက်ခန်းများတွင် နေထိုင်သူများကို လာမည့် ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထားဖယ်ပေးရန် စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနက မေလ ၂၇ ရက်တွင် အကြောင်းကြားစာ ပေးပို့ထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ (၃) အရ ထွက်ခွာပေးရန်ဟု ပါရှိသည်။ ထိုအက်ဥပဒေပုဒ်မ (၃) သည် ခွင့်ပြုချက်မရဘဲ နေထိုင်သည့် ပုဒ်မဖြစ်သည်။
“ဖယ်ရမယ့် တိုက်ခန်းပေါင်းက ၁၀၀ ကျော်ရှိတယ် ၁၅ ရက်အတွင်း ထွက်ရမယ်ဆိုပြီး နို့တစ်စာလာပို့သွားတယ်၊ အခုထိ ထွက်ဖို့ မပြင်ဆင်ရသေးဘူး၊ ရက်နီးလာပေမဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်း မသိဘူး” ဟု အဆိုပါတိုက်ခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ပြီးခဲ့သည့် မေ ၃၁ တွင် ရဲနှင့် မီတာရုံးဝန်ထမ်းများရောက်ရှိလာပြီး ခြိမ်းခြောက်ကာ တိုက်ခန်းများရှိ မီတာဘောက်များကို ဖြုတ်သိမ်းသွားသည်ဟု ၎င်းက ဆိုသည်။
“အမြန်ထွက်ပေးကြပါ။ မပေးရင် စစ်တပ်နဲ့ ရဲ၊ စည်ပင်တို့က လမ်းတွေပိတ်ပြီး ဆွဲထုတ်မယ် မီတာတွေလာဖြုတ်တာကိုလည်း ဓာတ်ပုံရိုက်ရင် ဖမ်းဆီးမယ်တို့ ခြိမ်းခြောက်သွားကြတယ်” ဟု ပြောသည်။
ထိုတိုက်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အားကစားဌာနတို့ထံမှ နှစ်ရှည်ငှားခွင့်ဖြင့် နှစ် ၃၀ ငှားကာ နေထိုင်ကြခြင်းဖြစ်သည်။ သို့သော် နေထိုင်ခွင့်သက်တမ်း ၇ နှစ် ကျန်နေသေးပြီး ဖယ်ရှားရန် ဖိအားပေးခံရခြင်းဖြစ်သည်ဟု တိုက်ခန်းရှင်တို့က ပြောသည်။
၂၀၂၂ ခုနှစ် မတ်လကလည်း ယင်းဗထူးကွင်းရှိ လူနေအိမ်ခန်းနှင့် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ကို ထွက်ခွာပေးရန် ဖိအားပေးကာ ရေဖြတ်ခြင်း၊ မီးဖြတ်ခြင်းတို့ လုပ်ခဲ့သေးသည်။ ထိုစဉ်က ဆိုင်ခန်းရှင်အများအပြား ထွက်ခွာပေးခဲ့ပြီး ကျန်ရှိနေသည့် ဆိုင်ခန်းများကိုလည်း ယခုနှစ်တွင် ထပ်မံ၍ ဖိအားပေးနေခြင်းဖြစ်သည်။
နိုင်ငံတော်လိုအပ်ချက်ကြောင့်ဆိုကာ မန္တလေးတိုင်းအတွင်း ဗထူးအားကစားကွင်းရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာကွင်းရှိ ဆိုင်ခန်း ၉၅ ခန်း၊ ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းတို့ကို ဖယ်ရှားပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြခဲ့သည်။
၂၀၂၁ နိုဝင်ဘာ၌ စစ်ကောင်စီခေါင်းဆောင်က ဗထူးကွင်းသို့ လာရောက်ခဲ့ပြီး ကွင်း၏လျှောက်လမ်းများ တိုးချဲအဆင့်မြှင့်တင်ရန် ညွှန်ကြားခဲ့သဖြင့် ၎င်းအလိုကျ ဖယ်ရှားရှင်းလင်းရန် အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဗထူးတိုက်တန်းနေထိုင်သူများက ယူဆကြသည်။
ပြီးခဲ့သည့် မေ ၂၇ ကလည်း မန္တလေးမြို့နေသူတို့အတွက် စီးပွားရေးအချက်အချာကျသည့် နေရာတစ်ခုဖြစ်သော ဒေးဝန်းအရှေ့ရပ်ကွက် မဟာအောင်မြေကျောက်ဝိုင်းမြောက်ဘက် အားကစားကွင်းဘေးပတ်လည်ရှိ လူနေဆိုင်ခန်းများ ဖယ်ပေးရန် ဖိအားပေးထားသည်။ လူနေဆိုင်ခန်း ၂၀၀ နီးပါးကို ၁၅ ရက်အတွင်း ဖယ်ရှားပေးရန် စစ်ကောင်စီလက်အောက်ခံ မဟာအောင်မြေခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနက ဖိအားပေးထားသည်။
အစိုးရအိမ်ဥပစာတွင် ခွင့်ပြုချက်မရဘဲ နေထိုင်သည်ဟု ယူဆသောကြောင့် အသိပေးစာရသည်နေ့မှ ၁၅ ရက်အတွင်း နေအိမ်များမှ ထွက်ခွာရမည်ဟု စစ်ကောင်စီ၏ အားကစားနှင့် ကာယပညာဦးစီးဌာနက ထုတ်ထားသည့်စာတွင် ဖော်ပြသည်။
အဆိုပါကွင်းပတ်လည်ရှိ ဆိုင်ခန်းများသည် ကျောက်မျက်အရောင်းပြခန်းများ၊ ကျောက်သွေးကျောက်ဖြတ်လုပ်ငန်းများနှင့် အုတ်ထုံးသဲကျောက်ရောင်းဝယ်ရေးနှင့် စားသောက်ကုန်အရောင်းဆိုင်များ အများစုဖြစ်ကြသည်။ ထိုဆိုင်များကိုလည်း နှစ် ၃၀ ငှားရမ်းခွင့်ဖြင့် ငှားရမ်းလုပ်ကိုင်ကြခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
“တစ်ခန်းကို ဆယ်သိန်းဆီ ပေးပြီး အယူခံတင်ထားကြတယ်လို့ သိရတယ် ဖယ်တော့မပေးကြသေးဘူး ဘာဆက်ဖြစ်မလဲမသိဘူး ခုချိန်မှာက အလွယ်တကူရွှေ့ပြောင်းနေဖို့ကလည်း မဖြစ်တဲ့ကိစ္စလေ လူတိုင်းခက်ခဲနေကြတာ” ဟု မဟာအောင်မြေ စိန်ပန်းရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီသည် အာဏာသိမ်း ၃ နှစ်ကျော်လာပြီးနောက် မန္တလေးမြို့တွင် နေထိုင်သူတချို့နှင့် မြို့ခံများကို ကျူးကျော်ဟုဆိုကာ အဓမ္မဖယ်ရှားမှုများပြုလုပ်လာသည်။ သတ်မှတ်ထားသည့်ရက်အတွင်း မဖယ်ပေးသည့် အဆောက်အအုံများကိုလည်း မြေကော်စက်များဖြင့် ထိုးခြင်း၊ လက်နက်ကိုင် ပျူစောထီးများ၊ ရဲ၊ စစ်တပ်တို့ဖြင့် စောင့်ကြပ်၍ နေအိမ်များကို ဖျက်ဆီးခြင်း၊ လက်မခံပါက ဖမ်းဆီးလေ့ရှိသည်။