အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီပဲယင်း လူ ၅ ဦး သတ်မှုတွင် လက်နက်ကိုင် ၁၀ ဦးကို NUG ဖမ်းဆီးစစ်ဆေး

မိသားစုဝင် ၅ ယောက် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ကျောင်းသားလေးများအဖွဲ့ဟု အမည်ပေးထားသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို တည်တောရွာမှ ဒေသခံ ၅ ယောက်ကို မကြာသေးမီရက်ပိုင်းအတွင်းက ပစ်သတ်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဒေသကာကွယ်ရေး အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် ကိုသန့်ဇင်ထက်၏ နေအိမ်သို့ ကျောင်းသားလေးများအဖွဲ့ဝင်တချို့ မေ ၂၈ ရက်နေ့က ရောက်ရှိလာပြီး ဝိုင်းထားစဉ် အပြန်လှန်ပစ်ခတ်မှုဖြစ်ကာ ကိုသန့်ဇင်ထက်၊ ဇနီး၊ ညီ၊ မိဘနှစ်ဦးတို့ သေဆုံးခဲ့ ခြင်းဖြစ်သည်။

ကိုသန့်ဇင်ထက်သည် ယခင်က မိုးကြိုးမုန်တိုင်းဟု အမည်ပေးထားသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ တည်တောရွာတွင် နေထိုင်လေ့မရှိဘဲ ပြီးခဲ့သည့်ရက်ပိုင်းကမှ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။

မေ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပဋိပက္ခဖြစ်ပွားပြီး နေအိမ်ကို ဝိုင်းခံထားသည်ဆိုသည့် သတင်းကြားရသဖြင့် တားဆီးရန်ကြိုးစားသော်လည်း အချိန်မမီတော့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက ဆိုသည်။

“ဝိုင်းထားတယ်ဆိုတဲ့သတင်းကြားတယ်။ လက်နက်ကိုင်အမှုဖြစ်တယ်ဆိုတော့ တပ်ရင်းတွေကို အကူအညီတောင်းတယ်ပေါ့နော်။ တပ်ရင်းတွေမရောက်ခင်မှာ အဲအဖွဲ့ကနေပြီးတော့ ပစ်ခတ်တဲ့အချိန်မှာ မိသားစု ၅ ယောက် သေဆုံးသွားတယ်” ဟု သူက ဆိုသည်။

ပစ်ခတ်မှုဖြစ်သည့်မနက်ပိုင်းတွင် ကျောင်းသားလေးများအဖွဲ့ ခေါင်းဆောင်နှင့် သေဆုံးသူ ကိုသန့်ဇင်ထက်တို့ စကားများရန်ဖြစ်ခဲ့သည်၊ ကိုသန့်ဇင်ထက်နှင့် ညီအစ်ကိုတစ်စုက ကျောင်းသားလေးများအဖွဲ့ ခေါင်းဆောင်ကို ဓားဖြင့် လိုက်ခုတ်ခဲ့သည်ဟု အခြားသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

ကျောင်းသားလေးများ အဖွဲ့ခေါင်းဆောင် ထွက်ပြေးစဉ် ပစ္စတိုကျကျန်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ကျေးရွာမှ တာဝန်ရှိသူများက သေနတ်ပြန်ပေးပါက အရေးမယူကြောင်း ပြောသော်လည်း နေအိမ်အတွင်းမှ ခုခံသဖြင့် ပစ်ခတ်မှုများဖြစ်ခဲ့သည်ဟု ဒီပဲယင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သေဆုံးသူ ကိုသန့်ဇင်ထက်သည် မိုးကြိုးမုန်တိုင်းအဖွဲ့ဝင်အဖြစ် လှုပ်ရှားစဉ်က လူသတ်မှုတချို့အတွက် အဓိတာဝန်ရှိသူဟု စွပ်စွဲခံထားရသူဖြစ်သည်ဟုလည်း ဆိုသည်။

တည်ပင်ကျေးရွာမှ လင်မယားနှစ်ယောက်ကို စစ်ကောင်စီသတင်းပေးဟု စွပ်စွဲပြီး သတ်ဖြတ်မှု၊ အနီးရှိ ဆင်ဝပ်ကုန်းရွာကျေးရွာမှ လင်မယားနှစ်ယောက်ကို သတ်ဖြတ်မှုတို့ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့် ပတ်သက်သည့် စွပ်စွဲချက်များ မှန်ကန်ခြင်းရှိမရှိ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

ပစ်ခတ်မှုဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ကျေးရွာအတွင်း လာရောက်တပ်စွဲပြီး ၎င်းတို့သံသယရှိသူများကို ဖမ်းဆီးရန် ကြိုးစားသော်လည်း ရွာခံများက မဖမ်းရန် ဝိုင်းဝန်းဆန္ဒပြကြကြောင်း၊ ကျူးလွန်သည်ဟု သံသယရှိသူများကို ဝှက်ထားသဖြင့် ရွှေဘိုခရိုင်တပ်ရင်းက တည်တောကျေးရွာကို နှစ်ရက်ကြာ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

“တပ်ရင်းတပ်ဖွဲ့တွေရောက်တော့ ပစ်ခတ်မှုမှာပါတဲ့တရားခံတွေ အဖမ်းခံဖို့၊ ပူးပေါင်းဖို့ ပြောတယ်၊ ရွာကနေပြီးတော့ အခုလောလာဆယ် မအပ်နိုင်ဘူးပြောတယ်၊ ကျွန်တော်တို့ကလည်း မဆိုင်တဲ့သူတွေ သေနေပြီ၊ ခုလူသတ်မှုကလည်း လက်နက်ကိုင်ပြီး အကြမ်းဖက်သလို ဖြစ်နေတာပေါ့” ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။

မြို့နယ်တာဝန်ရှိသူများက ဆန္ဒပြပွဲဦးဆောင်သည့် ဒေသခံများကို ခေါ်ယူဆွေးနွေးပြီးနောက်တွင် ပစ်ခတ်မှုတွင် ပါဝင်သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကို ဒေသခံများက NUG လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း ၁၂ ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားလေးများအဖွဲ့သည့် ၂၀၂၃ သင်္ကြန်ကာလတွင် ဒေသခံနှစ်ဦးကို ပစ်သတ်မှုဖြင့် မြို့နယ်ပကဖအဖွဲ့က အရေးယူရန် ကြိုးစားစဉ် ဒေသခံတို့က တားဆီးသဖြင့် မဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ လူသတ်မှုအရေးယူနိုင်ရန် ကြိုးစားရာ တည်တောရွာ ပကဖအဖွဲ့ခေါင်းဆောင်က ပူးပေါင်းဆောင်ရွက်ခြင်းမပြုသဖြင့် ထုတ်ပယ်ထားခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါကျေးရွာတွင် NUG အစိုးရ လက်အောက်ခံ ပကဖအဖွဲ့မရှိတော့ကြောင်း သိရသည်။ 

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီး လက်နက်ကိုင် ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာရာ ဒီပဲယင်းသည်လည်း ရရာလက်နက်ဖြင့် ခုခံသည့် ဒေသတစ်ခု ဖြစ်လာသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ဖမ်းဆီး၊ သတ်ဖြတ်ကာ နေအိမ်များ မီးရှို့သည့် ဒေသများထဲတွင် ဒီပဲယင်းမြို့နယ်လည်း ပါဝင်သည်။

Related Articles

Back to top button