သတင်း

ဝိုင်းမော်မြို့အဝင်တွင် ပစ်ခတ်ခံရသူ စစ်ရှောင်များထဲမှ ၁ ဦး သေဆုံး

ပြည်နယ်မြို့တော်အနီး စစ်ဘေးဒုက္ခသည်တို့ အုပ်စုလိုက် သွားလာစဉ် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရသွားသူများကို ဆေးရုံသို့ တင်ပို့သော်လည်း ထိုအထဲမှ တစ်ဦး သေဆုံးသွားသည်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့် ကပ်လျက် တည်ရှိသည့် ဝိုင်းမော်မြို့နယ်တွင် စစ်ရှောင်လာသူ ၁၀၀ ကျော်ကို အာဏာသိမ်းတပ်က ပစ်ခတ်ရာ အမျိုးသားတစ်ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရသွားသည်ဟု စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောသည်။

မေလ ၂၆ ရက်နေ့က ရွှေညောင်ပင်ရွာတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၂၁ နှင့်  တိုက်ပွဲဖြစ်ပွားရာ ငှက်ပျောခြံလုပ်သား ၁၀၀ ကျော် ပိတ်မိနေခဲ့ကြောင်း၊ 

ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ် KIA က လမ်းဖွင့်ပေးလိုက်ရာ တွဲကား၊ သုံးဘီးကားများဖြင့် ဝိုင်းမော်မြို့ထဲသို့ ထိုသူများ တိမ်းရှောင်ကြစဉ် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

မြို့အဝင် ခါးရှိရွာအနီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ရှောင်အရေးကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရသူများကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့သည်၊ ဒဏ်ရာပြင်းထန်သည့် အသက် ၂၉ နှစ်အရွယ် ကိုချစ်ဦးမောင် သေဆုံးသွားသည်ဟု သူက ဆက်ပြောသည်။

“အလုပ်သမားတွေကို စစ်ဖြစ်နေတဲ့အတွင်းမှာ လုံခြုံတဲ့တစ်နေရာမှာ (KIA က) ထိန်းသိမ်းထားတာ၊ နောက်တော့ လုံခြုံတဲ့နေရာပြန်ကြတော့ဆိုပြီး လွှတ်ပေးလိုက်တာ၊ ည ၈ နာရီကျော်ကြီး၊ လွှတ်လိုက်တဲ့အချိန်ကျတော့ ဒီဘက်က တပ်ကလည်း ရန်သူကပ်ပါလာတယ်ပေါ့ဆိုပြီး ပစ်ကြတော့ ပြည်သူတွေ ထိတာပေါ့၊ တစ်ယောက်ဆုံးသွားပြီ” ဟု စစ်ရှောင်အရေးကူညီသူက ပြောသည်။

နောက်ထပ်အမျိုးသားတစ်ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်၊ ဒဏ်ရာရရှိသူများတွင် ဘုန်းကြီးသုံးပါးလည်း ပါဝင်သည်ဟု သိရသည်။

KIA နှင့် စစ်ကောင်စီတပ်အကြား  ကူညီဆောင်ရွက်ပေးလေ့ရှိသည့် ငြိမ်းချမ်းရေး၊ ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)က ဒဏ်ရာရရှိသူများအပါအဝင် စစ်ရှောင်အလုပ်သမား ၁၀၀ ခန့် အန္တရာယ် ကင်းရေးအတွက်   ညှိနှိုင်းပေးခဲ့သည်၊  ဝါရှောင်ဆရာတော် ဦးဝိဇိယက ကူညီကယ်ထုတ်ပေးခဲ့သည်ဟု သိရသည်။

တိုက်ပွဲများ၊ စစ်ဘေးရှောင်ပြည်သူများအရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဝိုင်းမော်မြို့နယ်တွင်းရှိ စစ်ကောင်စီတပ်၏ စခန်းများကို မေ ၇ ရက်မှ စတင်ကာ KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြပြီး စစ်တပ်စခန်းပေါင်း ၁၀ ခုကျော်ကို ရက်အနည်းငယ်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲအတွင်း ကဇူး၊ မလိယန်၊ ရွှေညောင်ပင်၊ အောင်မြေ(၁)၊ အောင်မြေ(၂)စသည့် ကျေးရွာများမှ ဒေသခံများမှာ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်များသို့ တိမ်းရှောင်ခဲ့ကြရသည်။

မေ ၂၁ ရက်နေ့တွင် ပူးပေါင်းတပ်က ရွှေညောင်ပင်ရွာအခြေစိုက် ခမရ(၃၂၁)တပ်ကို သိမ်းပိုက်ခဲ့ပြီးနောက် ဝိုင်းမော်မြို့အနီးသို့ တိုက်ပွဲ နီးကပ်လာသည့်အတွက် ထောင်နှင့်ချီသည့် ဒေသခံများ မြစ်ကြီးနားမြို့နှင့် အခြား နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။

ဝိုင်းမော်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ဆက်လက်တပ်စွဲထားပြီး မြို့ပေါ်ရှိ မိုင်းနားရွာအနီးတွင် ကင်းလှည့်နေသည်ဟု မျက်မြင်များကို ကိုးကားပြီး မြစ်ကြီးနားမြို့တွင် တိမ်းရှောင်နေရသည့် ဝိုင်းမော် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မတ် ၇ ရက်နေ့က စတင်သည့် ကချင်ထိုးစစ်အတွင်း ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်၏ အခြေစိုက်တပ်ရင်း ဌာနချုပ်များကို သိမ်းပိုက်နိုင်ခဲ့သည်။

ယခုရက်ပိုင်းတွင်း ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများငြိမ်နေသော်လည်း မိုးမောက်နှင့် မံစီမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

မေလ ၂၆ ရက်တွင် မံစီမြို့ရှိ  ခမရ(၃၁၉)တပ်ရင်းကို KIA နှင့် ပူးပေါင်းတပ်များက ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပြီး စခန်းစည်းရိုးနားတွင် လက်တစ်ကမ်းတိုက်ပွဲများ ဖြစ်ပွားနေသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းလိုက်သော စစ်ကောင်စီတပ်ကို KIA နှင့် အတူ ပူးပေါင်း  ထိုးစစ်ဆင်နေကြသူများထဲတွင် အာရက္ခတပ်တော်(AA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)တို့ ပါဝင်သည်။

ကချင်ပြည်နယ်တွင်း ထိုးစစ် စတင်ခဲ့ပြီး နှစ်လကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင် စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။

Related Articles

Back to top button