
တရုတ် – မြန်မာစီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အတွက် မြန်မာဘက်က တည်နေရာ ရွေးချယ်ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပင်မစီးပွားရေးဇုန် (Core Zone) ကို မူဆယ်မြို့ ဟိုဆောင်နယ်စပ် ဝင်ထွက်ဂိတ်သစ်ဧရိယာတွင်လည်းကောင်း၊ ဆက်စပ်ဇုန် (Cooperative Zone) ကျင်စန်းကျော့ဒေသတွင်လည်းကောင်း ပြုလုပ်မည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က Myanmar Now ကို ပြောသည်။
မြန်မာ – တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကို အွန်လိုင်းမှတဆင့် ဒီဇင်ဘာ ၁၇ တွင် ပြုလုပ်ခဲ့ပြီး နှစ်ဖက်နိုင်ငံမှ စီမံကိန်းတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြေနေရာအသုံးချခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီးမှသာ ဇုန်တည်ထောင်ရေးဆိုင်ရာ မူဘောင်သဘောတူညီချက်ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးနိုင်မည်ဟု စီးပွား/ကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်က ယင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။
ပင်မစီးပွားရေးဇုန်တွင် နှစ်နိုင်ငံငွေကြေးဆိုင်ရာကဏ္ဍများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ဆက်စပ်ဇုန်တွင်မူ ကုန်စည်ထုပ်ပိုးမှုလုပ်ငန်းများ၊ အဆင့်မြင့်ကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် စက်မှုဇုန်များဆောင်ရွက်ရန် အကြမ်းဖျင်းလျာထားသည်ဟုလည်း ဦးခင်မောင်လွင်က ဆိုသည်။
နယ်စပ်စီးပွားရေးဇုန်တည်ထောင်ရေးဆိုင်ရာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးရန် ကာလတိတိကျကျ မသတ်မှတ်ရသေးသော်လည်း စီမံကိန်းဧရိယာအဖြစ် လက်ရှိလျာထားသော မြေများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ သစ်တောမြေ၊ စိုက်ပျိုးမြေ၊ တပ်ပိုင်မြေတို့ပါဝင်သဖြင့် မြေအသုံးချခွင့်ရရှိရန် ညှိနှိုင်းစိစစ်ရမည့်အဆင့်ဖြစ်သည်ဟု ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်းဖြစ်သည့် ဦးခင်မောင်လွင်က Myanmar Now ကို ပြောသည်။
“မြေရာဇဝင် အသေးစိတ်စိစစ်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ လုပ်သွားမယ်။ အဲဒါပြီးရင် ဇုန်ဧရိယာသတ်မှတ်နိုင်မယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငိသို့ တရုတ်သမ္မတရှီကျင့်ဖျင် ယခုနှစ်ဆန်းပိုင်းက လာရောက်ခဲ့စဉ် ယင်းစီမံကိန်းနှင့် ပတ်သက်၍ မူဘောင်သဘောတူညီချက် (Framework Agreement) ရရှိနိုင်ရန် နှစ်နိုင်ငံအစိုးရကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။
“စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ဖြစ်တဲ့အတွက် နှစ်ဖက်ကိုက်ညီအောင် အဓိကဆောင်ရွက်တာ ဖြစ်တယ်။ အဲဒီအတွက် ကိုယ့်ဘက်က စနစ်တကျနဲ့ ထိရောက်အောင်လုပ်နိုင်ရင် ပိုအဆင်ပြေမယ်။ မြန်မာနိုင်ငံဘက်က သူတို့နဲ့ ကိုက်ညီအောင်ဆောင်ရွက်ပေးဖို့လည်း တရုတ်က အကြံပြုတယ်” ဟု ဦးခင်မောင်လွင်က ပြောသည်။
နှစ်နိုင်ငံကြား လက်ရှိအကြမ်းဖျင်းညှိနှိုင်းချက်များအရ မြန်မာနိုင်ငံ နယ်စပ်နေရာများဖြစ်သည့် မူဆယ်၊ ကျင်စန်းကျော့တို့နှင့် မျက်နှာချင်းဆိုင်ဖြစ်သော တရုတ်နိုင်ငံဘက်ရှိ ကြယ်ဂေါင်နှင့် ဝမ်တိန် တို့တွင် ဇုန်တည်ထောင်သွားမည်ဟု သိရသည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ တရုတ်အစိုးရ၏ မူဝါဒမှာ တည်ငြိမ်မှုမရှိသည့်အပြင် ငွေမည်းခဝါချမှုတိုက်ဖျက်ရန် တရုတ်ကုန်သည်များ၏ ဘဏ်အကောင့်များကို မကြာခဏ ပိတ်လေ့ရှိသဖြင့် ငွေကြေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေကြောင်း၊ ယခုကဲ့သို့ နယ်စပ်စီးပွားရေးဇုန်များမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်ရေးတွင် ငွေကြေးကဏ္ဍ ပိုမိုချောမွေ့လာရန် ဒေသခံကုန်သည်များက မျှော်လင့်ကြသည်။
“တရုတ်က အင်အားကြီးတော့ တစ်ခါတလေ ကုန်သွယ်မှုမှာ မညီမျှမှုတွေ၊ အသာစီးယူတာတွေ ရှိတယ်။ ခုလိုစီးပွားရေးဇုန်တွေမှာ နိုင်ငံတော်က ဦးဆောင်ကြပ်မတ်ပြီး လုပ်ပေးရင်တော့ နယ်စပ်ကုန်သွယ်ရေးက အများကြီးတိုးတက်လာနိုင်မယ်” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက Myanmar Now ကို ပြောသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၈ ခု ရှိပြီး တရုတ်နယ်စပ်စခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး တို့အနက် မူဆယ်သည် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်သကဲ့သို့ နယ်စပ်ကုန်သွယ်မှုစုစုပေါင်း၏ ထက်ဝက်နီးပါးရှိကြောင်း စီးပွား/ ကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။