သတင်း

စစ်တပ်စီးနင်းသည့် ရေစကြိုတွင် ဆရာမတစ်ဦးအပါ အရပ်သား ၇ ဦး သတ်ဖြတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် မေ ၁၇ ရက်တွင် ရောက်ရှိလာပြီး ကျောင်းဆရာမတစ်ဦးအပါအဝင် အရပ်သား ၆ ဦးကို သတ်ဖြတ်သွားသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် မေ ၁၇ ရက်တွင် ရောက်ရှိလာပြီး ကျောင်းဆရာမတစ်ဦးအပါအဝင် အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရေစကြိုနှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကျောက်ထပ်၊ ဇီးတော၊ သဲတော စသည့် ကျေးရွာများအနီး အခြေစိုက်ထားသည့် ကာကွယ်ရေးအဖွဲ့စခန်းများကို စစ်ကောင်စီတပ်သား အင်အား ၃၀၀ ကျော်ဖြင့် စီးနင်းတိုက်ခိုက်စဉ် ဒေသခံအရပ်သားများ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

အသက် ၂၀ အရွယ် ကျောင်းဆရာမတစ်ဦးသည် စစ်သားများ ကျောက်ထပ်ရွာသို့ ဝင်ရောက်စီးနင်းစဉ် ပစ်သတ်ခံခဲ့ရခြင်းကာ အမျိုးသား ၆ ဦးမှာ အရှင်ဖမ်းခံရပြီးမှ မီးရှို့သတ်ဖြတ်ခံရသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

“ဝင်ဝင်းချင်းရက်မှာတင် စေတနာ့ဝန်ထမ်း ဆရာမတစ်ယောက်ကို ပစ်သတ်လိုက်တာ၊ စစ်ကြောင်းထွက်သွားတဲ့အခါ ရှင်းလင်းရေးတွေလုပ်တဲ့အခါ သတ်ဖြတ်မီးရှို့ထားတဲ့ အမျိုးသား ၆ ယောက် ထပ်တွေ့တာ”

“ကလေးလူကြီးမရှောင်ဘူး၊ ဘယ်လိုနေနေ လက်နက်ကြီးလက်နက်ငယ်ပစ်ဝင်တာ၊ ဆရာမကတော့ ပြေးတဲ့အချိန် ခေါင်းမှန်သွားတာ၊ နဖူးကနေ ဖောက်ဝင်သွားတာ”

စစ်ကောင်စီတပ်သည် အချိန်မီထွက်မပြေးနိုင်သည့် ဒေသခံ အမျိုးသားအမျိုးသမီး ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ကျောက်ထပ်ရွာ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဖမ်းဆီးထားသည့် ဒေသခံများအနက်မှ အမျိုးသား ၆ ဦးကို PDF စခန်းရှိသည့် နေရာကို လိုက်ပြ ခိုင်းရန် ခေါ်သွားပြီးနောက် ပစ်သတ်မီးရှို့ခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများကို စစ်ကြောင်းထွက်ပြီး နောက်တစ်ရက် ယမန်နေ့က (မေ ၂၁) က ကာကွယ်ရေးအဖွဲ့စခန်းအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

“ PDF စခန်း ဘယ်မှာရှိလဲ မေးတာ၊ ပြည်သူတွေမှန်လည်း သိတယ်၊ ဖမ်းခေါ်သွားပြီး စခန်းမှာကျ ပစ်သတ်ခံလိုက်ရတာ။ မနေ့က စခန်းနားက အနံ့ထွက်တော့ သွားကြည့်မှ အလောင်းတွေက ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ”

သတ်ဖြတ်ခံရသူများမှာ အသက် ၂၀ အရွယ် ကျောင်းဆရာဖြစ်သူ မအေးအေးမာ၊ ၁၆ နှစ်အရွယ် ကိုအောင်မျိုးဦး၊ ဦးမောင်ဦး (၅၀ ခန့်)၊ ဦးဖိုလုံး( ၅၅ ခန့်)၊ ကိုမင်းနိုင်ဌေး (၃၀ ခန့်)၊ ကို အောင်သူ (၃၀ ခန့်) နှင့် အခြားရွာမှ ညလာအိပ်သည့် ဧည်သည်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ထိုနေ့က အနီးရှိ ဇီးတော၊ သဲတောကျေးရွာတို့ကိုလည်း ထပ်မံစီးနင်းခဲ့ပြီး ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ကာ စစ်သားဆယ်ချီသေဆုံးသည်၊ သေနတ် ၉ လက် ကာကွယ်ရေးအဖွဲ့များက သိမ်းယူခဲ့သည်။

စစ်သားများက ကျေးရွာများကို မီးရှို့သဖြင့် ကျောက်ထပ်ကျေးရွာရှိ နေအိမ် ၄၀ ခန့်၊ ဇီးတောရွာရှိ အိမ်ခြေ ၅၀ ခန့် မီးလောင်ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ကျေးရွာသုံးရွာမှ ဖမ်းဆီးခံရသည့် ဒေသခံများကို မေ ၂၀ ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဒေသခံ ၅ ဦးကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီထိန်းချုပ်သတင်းစာများတွင် ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးသည့် သတင်းကို ငြင်းဆိုထားပြီး အရပ်သားများသတ်ဖြတ်မှု၊ စစ်သားများသေဆုံးမှုနှင့် လက်နက်ဆုံးရှုံးမှုအကြောင်း ဖော်ပြထားခြင်းမရှိပေ။

Show More

Related Articles

Back to top button