သတင်း

ဝိုင်းမော်မြို့အနီး စစ်စခန်း ၁၂ ခုကို KIA တိုက်ခိုက် သိမ်းယူ

မြစ်ကြီးနားမြို့ အရှေ့ဘက် ဝိုင်းမော်ကို KIA နှင့် မဟာမိတ်တို့က ထိုးစစ်ဆင်နေရာ စစ်တပ်က စခန်းအများအပြား လက်လွှတ်လိုက်ရသည်၊ ဒေသခံတချို့လည်း တိမ်းရှောင်သွားကြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်၏ အရှေ့ဘက်တွင်ရှိသည့် ဝိုင်းမော်မြို့ကို ထိန်းချုပ်ရန် မြို့အနီးရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက မေ ၁၈ ရက်နေ့မှ စတင် တိုက်ခိုက်နေရာ စခန်းပေါင်း ၁၂ ခုထက်မနည်းကို သိမ်းယူထားသည်။

မေ ၁၈ တွင် ဝိုင်းမော်မြို့ အရှေ့တောင်ဘက် မိုင် ၂၀ အတွင်း  မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများမှ တပ်စခန်းများနှင့် ထောင်ဝမ့်ဘောင်စခန်း၊ ဘင်ပူကောင်စခန်း၊ ကဇူးစခန်းနှင့် လုံဂျက် စသည့် စခန်းကုန်းကြီး ၄ ခုကို တိုက်ခိုက်ခဲ့ကြသည်။

ယမန်နေ့ (မေ ၁၉) ည ၁၁ နာရီခန့်တွင် ကဇူးရွာရှိ စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက်ကလည်း ဒဘတ်ရွာ၊ ဂါးရာယန်တို့မှ စခန်းများ၊ အောင်မြေ (၁)၊ အောင်မြေ (၂) ရွာတို့မှ စခန်းနှစ်ခုနှင့် ကာကင်းစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ယနေ့ (မေ ၂၀) နံနက်တွင် ဝိုင်းမော်မြို့အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ရွှေညောင်ပင် အမှတ် (၃၂၁) ခြေမြန်တပ်ရင်းစခန်းကို ဆက်လက်တိုက်ခိုက်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဲဒီစခန်းတွေ သိမ်းပိုက်ပြီးတယ်ဆိုတာ မှန်ပါတယ်၊ သူတို့ကလည်း ခုခံတဲ့အနေနဲ့ လေကြောင်းကနေ ဗုံးလာကြဲတာရှိပါတယ်။ အခုကတော့ ရွှေညောင်ပင်က ၃၂၁ ကို ဆက်တိုက်နေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဝိုင်းမော်မြို့၏အရှေ့ဘက် ကပ်လျက်တွင်ရှိသည့် အမှတ် (၅၈) ခြေလျင်တပ်ရင်းနှင့် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က တိုက်ပွဲဖြစ်ပွားရာနေရာများကို ပစ်ကူ အဆက်မပြတ်ပေးနေသဖြင့် လက်နက်ကြီးသံများကို ကြားနေရသည်ဟု မြစ်ကြီးနား‌ဒေသခံတချို့က ပြောသည်။

တိုက်ပွဲများကြောင့် မြို့ခံတချို့လည်း မြစ်ကြီးနားမြို့ဘက်သို့ တိမ်းရှောင်နေပြီး မြို့ပေါ်တွင် လူအသွားအလာ နည်းပါးသွားသည်ဟု ဝိုင်းမော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့တွင် တိုက်ပွဲများမှာ ဝိုင်းမော်မြို့နားထိ ရောက်ရှိနေပြီး မြို့တောင်ဘက် ခပ်ချိုရွာသို့ သွားသည့် လမ်းခွဲတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ခပ်ချိုရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဝိုင်းမော်ဆေးရုံမှ လူနာများကို ဆင်းခိုင်းလိုက်ပြီး အဆိုပါ ဆေးရုံတွင် တပ်စွဲလိုက်ကြသည်ဟု အထက်ပါ ဝိုင်းမော်မြို့ခံ အမျိုးသားက ပြောသည်။

“မနေ့က ခပ်ချိုမှာ တစ်နေကုန်ဖြစ်ကြတယ်၊ ဒီနေ့တော့ စစ်ကောင်စီတပ်က ပြန်ဆုတ်လိုက်ပြီဆိုပြီး သိရတယ်။ ပြီးတော့ ဆေးရုံမှာ ခံစစ်ပြင်ထားကြတယ်၊ အဲဒီနားက ဌာနဆိုင်ရာရုံးတွေလည်း အကုန်ပိတ်ထားပြီးပြီ၊ လူတွေလည်း အကုန်ပြေးကြပြီ” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

စစ်တပ်က ထိုးစစ်ဆင်ခံနေရမှုနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

မတ် ၇ ရက်နေ့က စတင်သည့် ကချင်ထိုးစစ်အတွင်း KIA က မိုင် ၁၂၀ ကျော်ရှည်သည့် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီအခြေစိုက်စခန်းများနှင့် တပ်ရင်းဌာနချုပ်များကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် တိုက်ပွဲများမှာ မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်သာ ခြားသည့် ဝိုင်းမော်အနီးသို့ ရောက်ရှိလာသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က KIA တပ်များကို ဟန့်တားရန် ဝိုင်းမော်မြို့ ဒဘတ်ရွာအနီးရှိ ဒဘတ်ချောင်းတံတားကို မိုင်းခွဲဖျက်ဆီးလိုက်သော်လည်း KIA ထိုးစစ်မှာ ရပ်မသွားဘဲ ဝိုင်းမော်မြို့အနီးသို့ ပိုမိုနီးကပ်လာသည်။

ဝိုင်းမော်မြို့ကို KIA ရသွားပါက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသည့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့လည်း မလုံခြုံတော့ကြောင်း ဒေသခံတချို့နှင့် စစ်ရေးလေ့လာသူတချို့က သုံးသပ်သည်။

မေ ၁၈ ရက်က မြစ်ကြီးနားမြို့တောင်ဘက် ကပ်လျက်တွင်ရှိသည့် နမ့်ပေါင်လေတပ် အခြေစိုက်စခန်းကို KIA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သည်။

ပမ္မတီးရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပြီး ပြည်သူနှစ်ဦး သေဆုံးခဲ့သည်။

မတ် ၇ ရက်က စတင်သည့် ကချင်ထိုးစစ်သည့် ကချင်ပြည်နယ် နေရာအများအပြားတွင် အရှိန်အဟုန်ဖြင့် ဆက်လက်အားကောင်းနေသည်။

ကချင်ထိုးစစ်အတွင်း အာရက္ခတပ်တော် (AA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့လည်း KIA နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေကြသည်။

ကချင်ပြည်နယ်တွင်း ထိုးစစ် စတင်ခဲ့ပြီး နှစ်လကျော်အတွင်း စခန်းပေါင်း ၁၀၀ ခန့်၊ ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button