သတင်း

အမျိုးသမီးတစ်ဦးကို အဓမ္မကြံသည်ဆိုသော ရဲအရာရှိကို ပုဒ်မလေးခုဖြင့် အမှုဖွင့် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ရေချိုးအဝတ်လှမ်းနေသော အမျိုးသမီးတစ်ဦးကို အဓမ္မကြံစည်သည်ဆိုသော ရဲအရာရှိကို ကာယိ‌န္ဒြေပျက်ပြားစေမှု အပါအဝင် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

အမှုဖွင့်ခံထားရသူမှာ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု ရဲစခန်းမှ အောင်မျိုးခိုင် (ခ) ရှမ်းကြီးဆိုသူ နယ်ထိန်းရဲအရာရှိဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ရေချိုးအဝတ်လှမ်းနေသည့် အသက် ၂၀ အရွယ်အမျိုးသမီးကို အဓမ္မကြံစည်သည်ဆိုသော စွပ်စွဲချက်ဖြင့် ညောင်ဦးရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရခြင်း ဖြစ်သည်။ 

အဆိုပါနယ်ထိန်းရဲအရာရှိကို ကာယိန္ဒြေပျက်စီးစေမှု၊ အိမ်ကျော်နင်းမှု၊ ဆဲဆိုမှုနှင့် သာမန်နာကျင်စေမှုပုဒ်မများဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၄၄၈၊ ၃၅၄၊ ၂၉၄၊ ၃၂၃ တို့ဖြင့် ရဲစခန်းက ဒီဇင်ဘာ ၈ တွင် အမှုလက်ခံထားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ညောင်ဦးရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် အမှုဖွင့်လက်ခံထားသည်မှာ ဟုတ်မှန်ကြောင်း အမှုစစ်ရဲအရာရှိက အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များ ပြောပိုင်ခွင့်မရှိကြောင်း ဆိုသည်။  

အမှုဖွင့်တိုင်ကြားရန် တောင်ဇင်းရဲစခန်းသို့ ငါးကြိမ်တိုင် သွားရောက်ခဲ့သော်လည်း စခန်းမှူးမရှိဆိုကာ အကြိမ်ကြိမ်လှည့်ပြန်ခဲ့ရပြီး ညောင်ဦးရဲစခန်းသို့ သွားရောက်တိုင်းတန်မှသာ အမှုဖွင့်ခွင့်ရရှိခဲ့ကြောင်းလည်း ကာယကံရှင်အမျိုးသမီး၏ ချစ်သူဆိုသူ မောင်ကောင်းက ပြောသည်။ 

ထို့ပြင် အခင်းဖြစ်ပွားစဉ်တွင် နယ်ထိန်းရဲအရာရှိဖြစ်သူက ထိုးကြိတ်ရိုက်နှက်ခဲ့သည့်အပြင် တောင်ဇင်းရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်စဉ်ကလည်း ရဲစခန်းမှအပြန်တွင် အရပ်ဝတ်ရဲများနှင့်အတူ တိုင်ကြားခံရသူ ရဲအရာရှိက လက်သီးဖြင့်ထိုးခြင်း၊ ပါးရိုက်ခြင်းများဖြင့် ခြိမ်းခြောက်ခဲ့သည်ဟုလည်း ဆိုသည်။ 

ထိုသို့ တိုင်ကြားခံရသူ ရဲအရာရှိနှင့် အရပ်ဝတ်ရဲများက ထိုးကြိတ်ခဲ့သည်ကို သက်သေထွက်ဆိုပေးထားကြောင်း အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

နယ်ထိန်းရဲအရာရှိသည် အမူးလွန်နေ၍ အမှားကျူးလွန်ခြင်းသာဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မများဖြင့် အမှုဖွင့်ခြင်းမပြုဘဲ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခြင်းကို လက်ခံကာ အမှုကျေအေးပေးရန် ရဲစခန်းဘက်မှ ပြောဆိုခဲ့သည်ဟုလည်း ကာယကံရှင်အမျိုးသမီးက ဆိုသည်။  

အမှုကျေအေးပေးရန် ရဲစခန်းက တောင်းဆိုခဲ့သော်လည်း နောင်တွင် ပိုက်ဆံပေးကာ အရှက်ခွဲမည်ဟု ပြောဆိုခံရခြင်းနှင့် ပိုက်ဆံလိုချင်၍ အမှုဆင်သည်ဟု အထင်ခံရမည်စိုးသောကြောင့် အမှုဖွင့်ခွင့်ရရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

“အစ်ကိုတွေကလည်း ပြောတယ်။ (အမှု) ကျေအေးပေးရင် ငါတို့က နင့်ကို မစောင့်ရှောက်တော့ဘူး။ မကာကွယ်တော့ဘူးတဲ့။ တစ်ယောက်ယောက်နဲ့ ထပ်ဖြစ်ရင်လည်း နင့်ဘက်က မလိုက်ဘူးတဲ့” ဟု ကာယကံရှင်အမျိုးသမီးက ပြောသည်။ 

အဆိုပါဖြစ်စဉ်တွင် အမှုဖွင့်ရန် အခက်အခဲရှိနေသည့်အတွက် ၎င်းတို့ထံ ကာယကံရှင်က အကူအညီတောင်းခံခဲ့ကြောင်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဝင်းမြင့်ခိုင်နှင့် ဦးမြင့်စိန်တို့က ဆိုသည်။ 

ထို့နောက်တွင် ညောင်ဦးရဲစခန်း၌ အမှုဖွင့်လှစ်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် NLD အမျိုးသမီးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဒေါ်ခင်မျိုးက Myanmar Now ကို ပြောသည်။ 

ကာယိန္ဒြေပျက်စီးရန် ကြံစည်မှုဖြင့် ရဲဘက်က အမှုဖွင့်ထားသော်လည်း နစ်နာသူများအနေဖြင့် ရဲထံ ပြည့်စုံစွာထွက်ဆိုပါက အဓမ္မပြုကျင့်ရန် ကြံစည်မှု ပုဒ်မ ၃၇၆ / ၅၁၁ ဖြင့် တရားစွဲတင်နိုင်ခြေရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က သုံးသပ်ပြသည်။  

Show More

Related Articles

Back to top button