မေလ ၁၁ ရက်နေ့ နေ့ခင်းပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တောင်ဘက် ၁၃ မိုင်အကွာရှိ မကြီးအုပ်ကျေးရွာ စာသင်ကျောင်းကို လေတပ်က တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၇ ဦးသေဆုံးပြီး ၂၃ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
သေဆုံးသူ ၇ ဦးတွင် ၄ ဦးသည် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များဖြစ်ကြပြီး ကျန်သေဆုံးဒဏ်ရာရသူများသည် အရပ်သားများဖြစ်သည်၊ ဒဏ်ရာရသူများထဲတွင်လည်း အသက်အန္တရာယ်စိုးရိမ်ရသူ ၇ ဦးအထိရှိသည်ဟု ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါပတ်ဝန်းကျင်တွင် Starlink ဂြိုဟ်တုအင်တာနက် သုံးကြသဖြင့် လူစုလူဝေးဖြစ်နေသည်ကို စစ်တပ်က သတင်းရသဖြင့် ဗုံးကြဲခြင်းဖြစ်နိုင်ကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ခံ ကိုဖြိုးက ပြောသည်။
“အဲဒီနေရာမှာ အင်တာနက်ရတဲ့အတွက် ပြည်သူတွေရော၊ PDF တွေရော အင်တာနက် စုပြုံသုံးတာ တွေ့ရတယ်၊ စာသင်ကျောင်း အနီးဝန်းကျင်ကြဲတော့ ဗုံးသီးကျတဲ့ နယ်နိမိတ်အတွင်းကသူတွေ ထိခိုက်ရတာပေါ့ဗျာ” ဟု သူက ဆိုသည်။
တိုက်ခိုက်မှုကြောင့် သေဆုံးသည့် အရပ်သားများမှာ ဦးအုန်းသန်း (၅၅ နှစ်)၊ ကိုစံလင်း (၂၅)၊ ကိုသက်အောင် (၃၇) တို့ ဖြစ်သည်။
ကိုသက်အောင်မှာ ဒဏ်ရာအပြင်းအထန်ရပြီး မေ ၁၃ နံနက်ပိုင်းတွင်မှ သေဆုံးခြင်း ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သေဆုံးသူတို့မှာ ကိုဥက္ကာဗိုလ် (၁၉ နှစ်)၊ ကိုကြယ်စင် (၁၈)၊ ကိုကျော်ဇင်ဝင်း (၂၅)၊ ကိုမင်းခန့်သူ (၂၁) တို့ ဖြစ်သည်ဟု သိရသည်။
နိုင်ငံအတွင်း အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခံထားရသည့် ဒေသများတွင် Starlink ဂြိုဟ်တုအင်တာနက် အသုံးပြုနေကြရာ ဒီပဲယင်းသည်လည်း အလားတူဒေသတစ်ခုဖြစ်သည်။
ဒီပဲယင်းသည် ၂၀၀၃ ခုနှစ် မေလက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသည့် ဒေသဖြစ်သည်။
ဤအတောအတွင်း စစ်တပ်က ဒီပဲယင်းမြို့ မကြီးရွာကို ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဒရုန်းသင်တန်းကို ဗုံးကြဲတိုက်ခိုက်ကြောင်း ဖော်ပြထားသော်လည်း ထိုနေရာတွင် သင်တန်းမရှိကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ဒရုန်းအဖွဲ့၏ စခန်းတစ်ခု မကြီးအုပ်ကျေးရွာအနီးတွင်ရှိသော်လည်း တိုက်ခိုက်ခံရသည့် စာသင်ကျောင်းပတ်ဝန်းကျင်နှင့် အတန်အသင့် အလှမ်းဝေးသည်ဟု ဆိုသည်။
“သတင်းပေးခံရတယ်လို့ ယူဆလို့ရတယ်၊ ဘာလို့တုန်းဆိုတော့ မလိုအပ်တဲ့နေရာကို မပစ်သွားဘူး၊ ဗုံးချတယ်ဆိုတာ ထားတော့၊ ပွိုင့်ဖိုက် (စက်သေနတ်) နဲ့ ပစ်တာက မလိုအပ်တဲ့နေရာ တစ်ချက် ပစ်မသွားဘူး။ အဲဒီအဝိုင်းအဝန်းလေးပဲ ပတ်ပစ်သွားတာ” ဟု ထိုအရာရှိက ဆိုသည်။
တိုက်ခိုက်မှု မတိုင်မီ တံတားဦးလေဆိပ်မှ တိုက်လေယာဉ် တက်လာကြောင်း စကားပြောစက်များမှတစ်ဆင့် သတင်းကြိုရသည်ဟု မကြီးအုပ်ကျေးရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သို့သော် တိုက်လေယဉ်များမှာ ထိုဒေသကို နေ့စဉ်နီးပါး ဖြတ်သန်းသွားနေတတ်သဖြင့် မရှောင်တိမ်းကြဟု ဆိုသည်။
“ဖြတ်သွားတဲ့လမ်းကြောင်းက ဖြတ်သွားနေကျဆိုတော့ ဒီလိုဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားတာလည်း ပါတယ်…. ကျွန်တော်တို့ရွာဦးတည်လာတဲ့အချိန်မှာတော့ သိလိုက်ရတယ်ဗျ..သိလိုက်တဲ့အချိန်က ဗုံးသီးချတဲ့အချိန်ဖြစ်နေတော့တာ” ဟု အဆိုပါ ကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။
လေယာဉ်က စာသင်ကျောင်းပတ်ဝန်းကျင်ကို ပထမ ၂ ကြိမ်တွင် ဗုံးသီး ၄ လုံး ကြဲချခဲ့သည်ဟု ဆိုသည်။ တတိယအကြိမ်မြောက်တွင် အဆိုပါစာသင်ကျောင်းဝန်းကျင်ကို စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အရပ်သားများ အစုလိုက်အပြုံလိုက် ရှိနေချိန်တွင် ချိန်သားကိုက်ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေပြီး ပြီးခဲ့သည့် (မေ ၉) ရက်ကပင် မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံများ အစည်းအဝေးပြုလုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲသဖြင့် ဒေသခံ ၁၆ ဦးအထိ သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်။