သတင်း

ပင်းတယတွင် အနိုင်ရပြည်ခိုင်ဖြိုးအမတ်အတွက် ဘုန်းကြီးများ မဲဆွယ်ဟောပြောခဲ့ 

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို ရွေးချယ်ရန် တရားပွဲတွင် ဘုန်းကြီးများက ထည့်သွင်းဟောကြားခဲ့သည်။ 

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွှတ်တော်နေရာ ၇ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆ နေရာအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ 

ပင်းတယမြို့ရှိ ဇောတိကာရုံကျောင်း၌ သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရသည် ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့သည့် အောက်တိုဘာ ၃၁ တွင် အင်းပက်လက်ရွာတရားပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်းကို ရွေးချယ်ရန် ထည့်သွင်းဟောပြောခဲ့သည်။ 

“မဲထည့်မမှားဖို့ ပြောတယ်။ ကြံ့ခိုင်ရေးကိုထည့်ရင် ကောင်းတယ်လို့ ပြောတယ်။ NLD နိုင်သွားရင် ဗုဒ္ဓဘာသာတွေ ပျောက်ကွယ်သွားမှာ စိုးလို့တဲ့” ဟု ဆရာတော်ဦးပညာသာရ၏ တရားပွဲနာကြားခဲ့သူ အင်းပက်လက်ရွာသူ ဒေါ်ချိုက Myanmar Now ကို ပြောသည်။

ထို့ပြင် Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းများအရ ဆရာတော်ဦးပညာသာရ၏ ဟောပြောချက်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်း၏ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း (NLD) သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ ဘာသာစကားသင်တန်းများဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟုလည်း ပါရှိသည်။ 

“သင်ပေးရင်းနဲ့ သူတို့ (ခရစ်ယာန်) ဘာသာထဲကို ဆွဲသွင်းနေတယ်။ ဘာတွေ ပွားလာမလဲဆိုတော့ ဒိဋ္ဌိပြဿနာ၊ အယူလွဲတဲ့ပြဿနာတွေ ပွားလာတော့မယ်” ဟု ဆရာတော်ဦးပညာသာရက ဟောပြောထားသည်။ 

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ 

“လက်ရှိဒေသဥက္ကဋ္ဌနဲ့ ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်က ဆိုပြီး ကျွန်တော့်အမျိုးသမီးအကြောင်းတွေကို ပြောထားတာ။ ဂျပန်စာတွေသင်တယ်။ ကျောင်းဖွင့်တာက (ကိုယ်စားလှယ်လောင်းတွေရဲ့ ဇနီးတွေထဲမှာ) ကျွန်တော့်အမျိုးသမီးတစ်ယောက်ပဲရှိတယ်” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

ဦးထိန်လင်း၏ဇနီး ဒေါ်အေမီဖြိုးမင်း မိခင်ဖြစ်သူမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်ပြီး ပင်းတယတွင် ဂျပန်စာသင်ကြားပေးနေခြင်းမှာလည်း ခရစ်ယာန်ဘာသာသို့ ဆွဲသွင်းနေခြင်းမဟုတ်ကြောင်း ဦးထိန်လင်းက တုံ့ပြန်သည်။

ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း  မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။ 

“အဓိကက ဘုန်းကြီးတွေဟောတဲ့ ရွာတွေက ကျွန်တော် ရှုံးတာပဲ။ ဘုန်းကြီးတွေက ၈၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးမှုရှိတယ်” ဟု ဦးထိန်လင်းက ဆိုသည်။

ဦးထိန်လင်းက ထိုသို့ဆိုသော်လည်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ဘုန်းကြီးများက ထိုသို့ထည့်သွင်းဟောကြားခဲ့သည်ကို မသိရှိကြောင်းလည်း အနိုင်ရကိုယ်စားလှယ် လက်ရှိဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့တော့ ဘာမှ မပြောထားဘူး။ ဆရာတော် သံဃာတော်တွေကို ကျွန်တော်တို့ ဘာမှ လျှောက်မထားဘူး။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် သံဃာတော်တွေဆိုတာ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့လည်း ဘာမှ မလျှောက်ထားပါဘူး” ဟု ဦးအာကာလင်းက ပြောသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း နိုင်ငံရေးအဖွဲ့အသီးသီးက မဲဆွယ်ဟောပြောကြဖြစ်သဖြင့် သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

အင်းပက်လက်ရွာ၌ ဟောပြောခဲ့မှုများနှင့် ပတ်သက်၍ Myanmar Now က ဆရာတော်ဦးပညာသာရကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဟောပြောခဲ့သည်ကို ငြင်းဆိုခြင်း မရှိသော်လည်း “အဲဒါ ကိုယ့်ရွာနဲ့ကိုယ် နည်းနည်းပါးပါး လမ်းမှားမှာ စိုးလို့ ပြောတာ” ဟုသာ မိန့်ကြားပြီး ဖုန်းချသွားခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်က ရွာငံမြို့နယ်တွင် ဆောက်လုပ်ခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဒေသဥက္ကဋ္ဌဖြစ်သူ ဦးအာကာလင်းက ဖျက်ခိုင်းခဲ့ကြောင်း၊ ယင်းသို့ ဖျက်ခိုင်းရခြင်းသည်လည်း ဦးအာကာလင်းကိုယ်တိုင် ဗုဒ္ဓဘာသာဖြစ်နေသောကြောင့်ဖြစ်ပြီး ၎င်း၏နေရာတွင် ဘာသာခြား (သို့) ဘာသာခြား၏ အထောက်အပံ့ကို ရယူထားသူဖြစ်ပါက ဒေသအတွင်း အယူဝါဒကွဲပြားသည့် ပြဿနာများ ကြုံတွေ့လာရမည်ဟု ဆရာတော်ဦးပညာဓရက တရားဟောစဉ် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

“Church ပေါ်လာခဲ့ရင် ဒို့ဒေသမှာ ဒိဋ္ဌိပြဿနာ၊ အယူပျက်စီးတဲ့ ပြဿနာတွေ ပွားမလာဘူးလား။ စိုးရိမ်စရာမကောင်းဘူးလား။ အဲဒါလေး ပြောချင်တာပါ။ ကိုယ့်ဒေသကို အုပ်ချုပ်မယ့်၊ စီမံမယ့်သူဟာ ဗုဒ္ဓဘာသာ၊ ကိုယ်လူမျိုးရဲ့ အကျိုးကို ရှေးရှုမယ့်၊ တခြားသောဘာသာရဲ့ အထောက်အပံ့ကို ယူမထားတဲ့သူဖြစ်ဖို့ အရေးမကြီးဘူးလား” ဟု ဆရာတော်က မေးခွန်းထုတ်သည်။

ဆရာတော်ဦးပညာဓရ၏ ဟောပြောမှုကို ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက် Facebook ပေါ် တင်ခဲ့သည့် ရှားပြားရွာမှ တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ဘုန်းကြီးကျောင်းသို့ ခေါ်ယူဆုံးမ၍ ရုပ်သံဖိုင်များကိုလည်း Facebook ပေါ်မှ ပြန်လည်ဖြုတ်ချရန် ခိုင်းစေခဲ့သည်ဟု ပင်းတယမြို့နယ် NLD ဝန်းရံသူများက ပြောသည်။

ပင်းတယမြို့နယ် ရှားပြားရွာ (ဆားပြား) ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးပညာဓရသည်လည်း တရားပွဲတွင် ဦးအာကာလင်းကို မဲပေးရန် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

ရှားပြားရွာ မီးရရှိရေးအတွက် ဦးစဝ်အောင်မြတ် (ယခင်အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်) တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဦးအာကာလင်းအပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက တိုက်တွန်းဟောကြားထားသည်။ 

“ကိုယ့်ရွာမှာ ကျေးဇူးပြုတဲ့လူကို ထည့်ပေးပေါ့။ ပါတီကို မကြည့်နဲ့၊ လူကိုကြည့်။ အဲဒီလူက လုပ်ပေးသလား၊ ဒီလူက လုပ်ပေးသလား။ လုပ်ပေးတဲ့သူကိုပဲ အာကာလင်း (ပြည်ခိုင်ဖြိုးကိုယ်စားလှယ်) ကအစ မဲပေးကြပေါ့” ဟု နိုဝင်ဘာ ၁ က ရှားပြားရွာတရားပွဲတွင် ဆရာတော်ဦးပညာဓရက ဟောကြားခဲ့သည်။ 

Show More

Related Articles

Back to top button