
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ အရေးကြီးစစ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ၂ ရက်အတွင်း စခန်း ၁၁ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
မေ ၄ ရက်မှစတင်ကာ မြို့အရှေ့တောင်ဘက် မိုင် ၂၀ ကျော်အကွာ၊ မြစ်ကြီးနား-ဗန်မော်လမ်းမကြီး၏ အရှေ့ဘက် တောင်တန်းများပေါ်တွင်ရှိသည့် ကဂန်၊ ဆမား၊ ရှန်ခေါင်၊ ကုန်းရင်၊ ငါးဂျန်နှင့် ဂီဒွန် စသည့် စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မေ ၅ ရက်နေ့တွင် အထက်ပါ စခန်းများမှ အဓိက စစ်ကောင်စီတပ်စခန်းတချို့နှင့် ကာကင်းစခန်းများကို သိမ်းပိုက်ရရှိခဲ့ပြီး ဂီဒွန်စခန်းနှင့် စခန်းတချို့ကို မေ ၆ နံနက်ပိုင်းအထိ ဆက်လက်တိုက်ခိုက်ခဲ့ရသည်။
ယနေ့ (မေ ၆) တွင် နာမည်ကျော် ဂီဒွန်စခန်းကို သိမ်းခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဟုတ်ပါတယ်၊ ဂီဒွန်စခန်းကိုလည်း ဒီနေ့မနက်မှာ သိမ်းပိုက်နိုင်ခဲ့ပါပြီ။…ကျွန်တော်တို့ သတင်းရတာတော့ ဒီမနက် ၈ နာရီလောက်မှာ စခန်းပေါ်ကို တက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နိုင်တယ်လို့ သိရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
နှစ်ဖက် ထိခိုက်ကျဆုံးမှုနှင့် လက်နက်၊ ခဲယမ်း၊ သုံ့ပန်းရရှိမှုအခြေအနေများကို မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပူးပေါင်းတပ်တွင် အာရက္ခတပ်တော် (AA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်များ ပါဝင်သည်ဟု သိရသည်။
အထက်ပါ စခန်းများမှာ ၂၀၁၁ ကချင်တစ်ကျော့ပြန်စစ်ပွဲ စတင်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် ရယူသွားကာ ဒေသတွင်း၌ နယ်မြေအများစုကို စိုးမိုးထားခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အရေးကြီးတဲ့ စခန်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဗဟိုဌာနချုပ်တွေကို ခြိမ်းခြောက်နေတဲ့ စခန်းတွေလည်း ဖြစ်ပါတယ်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်းကို လုံခြုံရေးယူထားပြီးတော့ ဆမားကတော့ တရုတ်နယ်စပ်နဲ့ ကပ်လျက်စခန်းတွေလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်း (၃) နယ်မြေဘက်ကို သွားလာလှုပ်ရှားဖို့ သူတို့ အနှောင့်အယှက်ပေးနိုင်တဲ့ စခန်းတွေပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မြို့ ၅ မြို့ သိမ်းပိုက်ထားခြင်း
စခန်းအများအပြား ထိုးစစ်ဆင်ခံရပြီး လက်လွှတ်လိုက်ရကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်တပ်သည် ယခင်က ကျန်ဒေသများတွင် အပစ်ရပ်ထားပြီး KIA ကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စခန်းများကို သိမ်းပိုက်ရန် ကြိုးစားစဉ်က လအတန်ကြာ အချိန်ယူတိုက်ခိုက်ပြီးမှ အောင်မြင်ခဲ့သော်လည်း ယခုအခါ နှစ်ရက်အတွင်း စခန်းပေါင်း ၁၁ ခုကျော် ဆုံးရှုံးခဲ့ရသည့်အတွက် စစ်ကောင်စီတပ်၏ တိုက်စွမ်းရည်နှင့် ပတ်သက်ပြီး စစ်ရေးလေ့လာသူတချို့က ဝေဖန်နေကြသည်။
ယခုအခါ စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ် အများအပြားကို ဒေသအသီးသီးတွင် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးမှ စတင်ပြီး စစ်ကောင်စီတပ်၏ စစ်တိုက်လိုစိတ် နည်းပါးလာမှုကို ယနေ့ ဆက်လက်မြင်တွေ့နေရခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“သိပ်ပြီး တောင့်တင်းခိုင်မာတယ်လို့ ထင်ရတဲ့ စစ်ကောင်စီတပ်တွေဟာ တကယ်တော့ အတော့်ကို စိတ်ဓာတ်ရေးရာအရ ပျော့ညံ့ပြီးတော့ စစ်တိုက်ပြီး အသေခံရဲတဲ့ စိတ်ဓာတ်မရှိဘူး၊ အလွန်ပျော့ညံ့တဲ့ တပ်တွေဖြစ်တယ်ဆိုတာကို သိရတဲ့အခါ တော်လှန်ရေးက အရှိန်တစ်ခုက ဆက်သွားလိုက်တာ ရခိုင်အထိ ရောက်သွားတဲ့ အထိပဲ၊ ဒါကြောင့်မို့ ဒါဟာ နှစ်ဖက်တပ်တွေရဲ့ အခြေအနေနဲ့ ဆိုင်တယ်” ဟု ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တွင် တပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းလာခဲ့သူလည်းဖြစ်သည့် ဦးသန်းစိုးနိုင်က သုံးသပ်သည်။
ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးရပ်တန့်နေသည့် အချိန်တွင် KIA ဦးဆောင်သည့် ပူးပေါင်းတပ်က ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတချို့တွင် တိုက်ပွဲများ ဆင်နွှဲနေသည်။
ဧပြီ ၂၉ ရက်ကလည်း မြစ်ကြီးနားမြို့၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ အမှတ် (၁၄၁) ခြေလျင်တပ်ရင်းစခန်းကို သိမ်းပိုက်ပြီးနောက် ဆင်ဘိုမြို့ကို ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် နှစ်လကျော် တိုက်ခိုက်ခဲ့ရသည့် ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်၏ ခလရ (၄၆) ဗျူဟာကုန်းကို ယမန်နေ့နံနက်က တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကိုလည်း အပြည့်အဝ ထိန်းချုပ်လိုက်နိုင်သည်။
ဆွမ်ပရာဘွမ်မြို့အနီး ကျန်ရှိနေသည့် စခန်းငယ်နှစ်ခုကိုလည်း ထိုနေ့ ညနေပိုင်းတွင်ပင် အပြီးသတ် ရှင်းလင်းနိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောသည်။
ပူးပေါင်းတပ်သည် မကြာသေးမီလများအတွင်းကလည်း ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်အတွင်းရှိ အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။
မတ် ၇ ရက်မှ စတင်သည့် ကချင်ထိုးစစ်အတွင်း စစ်ကောင်စီတပ်၏ တပ်ရင်းဌာနချုပ်များ ဗျူဟာရုံးများနှင့် အရေးပါသည့် တပ်စခန်းများ ကာကင်းစခန်းများအပါအဝင် စခန်းပေါင်း ၈၀ ကျော် သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။