သတင်း

ရွှေဘိုတွင် အသက် ၉၀ ဝန်းကျင် ၃ ဦး အပါအဝင် အရပ်သားများ သတ်ဖြတ်မီးရှို့ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အတွင်း စစ်ကောင်စီစစ်ကြောင်းဖြတ်သွားစဉ် အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားရာ ပစ်မှတ်ထားခံရသူများထဲတွင် အသက် ၉၀ ဝန်းကျင် ၃ ဦး ပါဝင်သည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တောင်ဘက် ကျေးရွာနှစ်ခုကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က အသက် ၉၀ ဝန်းကျင် အဘိုးအဘွား ၃ ဦးအပါအဝင် ရွာသူရွာသား ၁၀ ဦးကို သတ်ဖြတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ လက်နက်ကိုင်အင်အား ၇၀ ခန့်သည် ဧပြီ ၆ ရက်နေ့ နံနက်တွင် ရွှေဘိုမြို့မှ စတင်ထွက်ခွာလာခဲ့ပြီး မြို့တောင်ဘက် ကပ်လျက်ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

တောင်တင်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး လူတစ်ဦးကို သတ်ဖြတ်ကာ နေအိမ် ၄၀ ဝန်းကျင်ခန့်ကို မီးရှို့ကာ ယင်းရွာမှာပင် ညအိပ်ရပ်နားကြသည်။

ဧပြီ ၇ ရက်နေ့နံနက်တွင် ရှားတောကျေးရွာကို စီးနင်းခဲ့ပြီး ရွာသူရွာသား ၉ ဦးတို့ကို သတ်ဖြတ်ကာ နေအိမ် ၅၀ ခန့်ကို မီးရှို့သွားခဲ့သည်။

သက်ကြီးပိုင်းသေဆုံးသူများမှာ အသက် ၉၀ အရွယ် ဒေါ်ညွန့်ရီ၊ ၈၉ နှစ်အရွယ် ဦးအုန်းမောင်၊ ၈၇ နှစ်အရွယ် ဦးဝင်းခင်တို့ ဖြစ်သည်။

အခြားသူများမှာ ၃၈ နှစ်အရွယ် ကိုဖြိုးကြီး၊ ၅၄ နှစ်အရွယ် ဦးကြည်လွင်၊ အသက် ၅၀ အရွယ် ဦးစိုးအောင်၊ ၅၉ နှစ်အရွယ် ဦးစိုးမောင်၊ ၃၃ နှစ်အရွယ် ကိုနောင်နောင်ထွန်း၊ ၂၁ နှစ်အရွယ် ကိုထွန်းထက်အောင်၊ တောင်တင်းရွာမှ အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

ကျေးရွာများကို နံနက် ၃ နာရီခန့်တွင် ဝင်ရောက်စီးနင်းသဖြင့် ရွာသူရွာသားတို့ ထွက်ပြေးရန် အခြေအနေမပေးခဲ့ပေ၊ ဖမ်းဆီးခံရသူများအနက် ၁၀ ဦးကို သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်က ပြောသည်။

“ထွက်ပြေးနိုင်တဲ့လူပြေးကြ၊ ပြေးရင်းနဲ့လည်း အဖမ်းခံလိုက်ကြရတာမျိုး ဖြစ်သွားတယ်။ အဲ့ဒီလိုဖမ်းတဲ့အထဲမှာ သုံးလေးယောက်လောက်ပဲ ပြန်လွတ်လာပြီးတော့ ၁၀ ယောက် အသတ်ခံလိုက်ရတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားပြီးနောက် ရွာသူရွာသားများ ပြန်လည်ဝင်ရောက်လာချိန်တွင် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြရခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသူများကို မီးရှို့ထားခဲ့သည့်အတွက် တစ်ဝက်တစ်ပျက်လောင်ကျွမ်းနေသည့် ခန္ဓာကိုယ်များကို တွေ့ခဲ့ရသည်၊ အများစုကို သေနတ်ဖြင့်ပစ်ခတ်သွားသည့်ဒဏ်ရာများ တွေ့ရကြောင်း ကျေးရွာအတွင်း ဝင်ရောက်မီးငြှိမ်းသတ်၊ အလောင်းကောက်ယူခဲ့ကြသည့် ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ရွှေဘိုမြို့ပေါ်တွင် ရဲတပ်ကြပ်ကြီး၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင် စသည့် ၃ ဦးကို မြို့နယ် ပလဖအဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်ရေးခေါင်းစဉ်ဖြင့် မြို့ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ရှားတောကျေးရွာသည် ရွှေဘိုမြို့တောင်ဘက်ကပ်လျက် (၁ မိုင်နီးပါး) မန္တလေး-ရွှေဘိုကားလမ်းဘေးတွင် တည်ရှိသည်။ တောင်တင်းကျေးရွာမှာ ရွှေဘိုမြို့မှ ၂ မိုင်ခန့်အကွာ၊ ရထားသံလမ်းဘေးတွင် တည်ရှိသည်။

ရွှေဘိုမြို့ စစ်ကြောင်းထိုးမှုအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်တပ်သည် စစ်ကိုင်းတိုင်းတွင် ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦးမြို့နယ်တို့ကို စစ်ကြောင်းထိုးလေ့ရှိပြီး နေအိမ်များကို မီးရှို့ကာ အရပ်သားများကို သတ်ဖြတ်သည့် ဖြစ်စဉ်များ ၂၀၂၃ ခုနှစ်အတွင်း အမြောက်အမြား ဖြစ်ပေါ်ခဲ့သည်။

Show More

Related Articles

Back to top button