သတင်း

နေပြည်တော်တွင် စစ်တပ် စစ်ရေးပြနေစဉ် သမိုင်းဝင် ယောယုံစခန်းအပါ စခန်း ၆ ခုကို KIA သိမ်း

စစ်တပ် ၃၉ နှစ်ကြာ တပ်ထိုင်ထားသည့် ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ ယောယုံစခန်းအပါအဝင် စခန်း ၆ ခုကို KIA နှင့် ပူးပေါင်းတပ်က နှစ်ရက်အတွင်း သိမ်းပိုက်လိုက်သည်။

စစ်တပ်  ၃၉ နှစ်ကြာ တပ်ထိုင်ထားသည့် ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ ယောယုံစခန်းအပါအဝင် စခန်း ၆ ခုကို နှစ်ရက်အတွင်း သိမ်းပိုက်လိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။

ယမန်နေ့ (မတ်လ ၂၇ ရက်) မှစတင်ကာ ယောယုံစခန်း၊ ဗန်းမော်-လွယ်ဂျယ်ကြား တောင်တန်းများပေါ်တွင် စိုးမိုးထားသည့် စခန်းများဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

“ဒီစခန်းတွေက အဓိက လွယ်ဂျယ်ရဲ့ လုံခြုံရေး၊ မိုင်ဂျာယန်ကို ခြိမ်းခြောက်တဲ့ စခန်းတွေပါ။ နောက် လွယ်ဂျယ်၊ မိုးမောက် ကားလမ်းကို လုံခြုံရေးယူပေးထားတဲ့ စခန်းတွေပါ အရေးကြီးပါတယ်”

သမိုင်းဝင် ယောယုံစခန်း အပါအဝင် စခန်း ၆ ခုကို KIA တို့ သိမ်းပိုက်နိုင်သည့်နေ့သည် နေပြည်တော်တွင် စစ်ခေါင်းဆောင်များ တပ်မတော်နေ့အခမ်းအနား ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်တွင် ထောင်နှင့်ချီသော စစ်သည်များ အင်အားပြ ချီတက်သည့် အခမ်းအနား ပြုလုပ်နေစဉ် ယောယုံစခန်း၊ ဖလန်ဘွမ်စခန်း၊ လော့ဒန်စခန်း၊ လော့မွန်စခန်း၊ ဘန်ရောင်စခန်းနှင့် ရှန်တိုင်းစခန်းတို့မှာ KIA ပူးပေါင်းတပ်တို့၏လက်အောက်သို့ ရောက်သွားသည်။

ယောယုံစခန်းမှာ ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းနှင့် လွယ်ဂျယ်မြို့ကို စိုးမိုး ထိန်းချုပ်ထားသလို KIA ထိန်းချုပ်ထားသည့် မိုင်ဂျာယန်မြို့ကိုလည်း လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်လေ့ရှိသည့် ဗျူဟာစခန်းကြီးတစ်ခု ဖြစ်သည်။

ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ ယောယုံစခန်းကို သိမ်းပိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ – KIA)

ထိုစခန်းကို ၁၉၈၅  ခုနှစ်အတွင်း KIA နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း   သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။

“ယောယုံစခန်းက အရေးကြီးတဲ့ စခန်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၄ လား၊ ၈၅ လား မမှတ်မိဘူး၊ အဲဒီနေရာမှာ တော်တော်အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူတို့ ပြန်ထိုင်နေတဲ့ စခန်းဖြစ်ပါတယ်၊ သမိုင်းကြောင်းရှည်တဲ့ စခန်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ စခန်းကို သိမ်းပိုက်နိုင်ခြင်းသည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို သိမ်းယူရန်လည်း KIA အတွက် အခွင့်သာသွားသည်။

၁၉၈၅ ခုနှစ် ယောယုံစခန်းထိုးစစ်တွင် ဗကပအဖွဲ့ဝင်တစ်ဦးအနေဖြင့် ပါဝင်တိုက်ခိုက်ခဲ့ဖူးကြောင်း ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ထိုတိုက်ပွဲဖြစ်စဉ်က ယခု KIO/KIA ထိပ်တန်းခေါင်းဆောင်များ ဖြစ်နေကြသည့် စစ်ဦးစီးချုပ် ခေါင်လွန်း၊ KIC ဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်တို့ပင် KIA ထဲသို့ မဝင်ရောက်သေးကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

“၁၉၈၅ ယောယုံတိုက်ပွဲတုန်းက တက်ကြွခဲ့တဲ့ ကျွန်တော်တောင် အိုမင်းမစွမ်းဖြစ်နေပြီလေ။ အတော်ကိုရှည်ကြာ အတော်ကို ဇွဲခတ်တဲ့ ပြည်တွင်းစစ်ပါပဲ။…လွန်ခဲ့တဲ့ ၃၉ နှစ်လောက်က ယောယုံတောင်ကုန်းမှာ တနေကုန်ရှူခဲ့ရတဲ့ သွေးညှိနံ့ ဒီနေ့ ပြန်ရတယ်” ဟု ဦးမောင်မောင်စိုးက ရေးသားထားသည်။

ယခု KIA သိမ်းခဲ့သည့် စခန်းများသည် ဗန်းမော်မြို့၏ အရှေ့ဘက် ၄၇ မိုင်အကွာနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့၏ အနောက်ဘက် ၁၀ မိုင်ကျော်ခန့်အကွာ တောင်တန်းများပေါ်တွင် တည်ရှိသည်။

အလားတူ ထိုစခန်းများသည် KIA ၏ ဥပဒေကောလိပ်ရှိရာ မိုင်ဂျာယန်၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် စခန်းများလည်းဖြစ်သည်။

KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်သည့် ယောယုံစခန်း တည်နေရာပြမြေပုံ။

တိုက်ပွဲများ ဆက်ဖြစ်နေ

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း၌လည်း စစ်ကောင်စီတပ်၏  ပစ်ခတ်မှုများကြောင့် ယမန်နေ့က မိုင်ဂျာယန်မြို့သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ တရုတ်နိုင်ငံအတွင်းသို့လည်း လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု KIA သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

စစ်ကောင်စီက လေတပ်ကို အားပြုပြီး ခုခံနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“လေကြောင်းက လာတာပဲ။ ဂျက်ဖိုက်တာနဲ့ လာတယ်။ ဒီနေ့လည်း လေကြောင်းက လာတယ်။ လေလောဆယ်တော့ လွယ်ဂျယ်-ဗန်းမော်ကားလမ်းမှာ တိုက်ပွဲဆက်ဖြစ်နေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲအတွင်း ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များကို KIA က လိုက်လံရှင်းလင်းနေသလို သုံ့ပန်းများ ရရှိထားသည်ဟုလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာသို့ မိုးမောက်မြို့အခြေစိုက် ခလရ (၄၃၇) စခန်းက လက်နက်ကြီးများ ပစ်ခတ်နေသလို နံနက် ၆ နာရီခန့်တွင် စစ်လေယာဉ်ကလည်း တိုက်ပွဲဖြစ်ပွားရာ တောင်ကုန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မိုးမောက်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကလည်း တစ်ညလုံးပစ်တယ်။ ခဏပဲ နားတာ။ ၆ နာရီလောက်မှာပဲ လေယာဉ်ပါလာတယ်။ လေယာဉ်က နှစ်ခေါက်လာချတယ်၊ မနက် ၆ နာရီလောက်မှာပဲ။ ဂျက်ဖိုက်တာနဲ့။ အခုကတော့ လေယာဉ်သံမကြားရဘူး” ဟု ထိုအမျိုးသားက ဆိုသည်။

“ခလရ ၄၃၇ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်၊ မြို့ထဲကို မကျဘဲ မြို့ကို ကျော်ကျော်ပစ်နေတာ”

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ရှောင်လာသည့် ဒေသခံများမှာလည်း မိုးမောက်မြို့ပေါ်တွင် ခိုလှုံနေကြသည်။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရာနှင့်ချီသည့် မိုင်ဂျာယန်မြို့ခံများမှာ မြို့မှ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဒေသတွင်းသတင်းများက ဖော်ပြသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်တွင် KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်နေသည်။

မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ဆင်ဘိုမြို့ကို KIA က ထိန်းချုပ်ထားသည်။ မြို့အနီးရှိ ခလရ (၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်နေသလို ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

မတ် ၇ ရက်မှ စတင်သည့် တိုက်ပွဲများအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် စခန်းများနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားသည်။ ယခု ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေသည်။

Show More

Related Articles

Back to top button