သတင်း

မိုးမောက်အခြေစိုက် ခမရ ၃၈၇ နှင့် ခမရ ၃၂၀ ကို KIA သိမ်းပိုက်

မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ တပ်စခန်းနှစ်ခုကို သိမ်းပိုက်လိုက်ကြောင်း ကချင်လက်နက်ကိုင်တပ် KIA က အတည်ပြုသည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ ခြေမြန်တပ်ရင်းနှစ်ခုဖြစ်သည့် ခမရ ၃၈၇ နှင့် ခမရ ၃၂၀ တို့ကို ယနေ့ (မတ် ၂၆) တွင် သိမ်းပိုက်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုခဲ့သည်။

KIA နှင့် မဟာမိတ်တို့က အဆိုပါ စစ်စခန်းများကို မတ် ၂၂ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ခမရ ၃၈၇ နှင့် ၃၂၀ အပြင် တာဝါတိုင်ကုန်း (စလောင်းကုန်း) အမည်ရှိ စစ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

“(တပ်ရင်းစခန်းနှစ်ခု) အဲဒါတွေတော့ ရပါတယ်၊ မြို့သစ်က စလောင်းကုန်းပါတယ်။ သုံးခုတော့ ရပါတယ်။ ကျွန်တော်တို့ဆီမှာ တရားဝင်ရတာပေါ့နော်။ ကျန်တာ အများကြီးကတော့ ကျွန်တော်တို့ဆီမှာ သတင်းမရပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း သုံ့ပန်းနှင့် လက်နက်ရရှိမှုအပါအဝင် အသေးစိတ်အချက်အလက်များကို KIA အရာရှိက ပြောဆိုခြင်းမရှိပါ။

KIA ဌာနချုပ် လိုင်ဇာတွင် စစ်သင်တန်းတက်ရောက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များကို ၂၀၂၂ အစောပိုင်းကာလများတွင် တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Now)

ယနေ့နံနက်အစောပိုင်းတွင် ခမရ (၃၈၇) မှ စစ်ကောင်စီတပ်များနှင့် တာဝါတိုင်ကုန်းမှ စစ်ကောင်စီတပ်များမှာ စခန်းမှ စွန့်ခွာသွားသည့်အတွက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲများကြောင့် နီးစပ်ရာကျေးရွာတစ်ခုတွင် တိမ်းရှောင်နေရသည့် ကုန်းလောရွာသားတစ်ဦးက ပြောသည်။

“၃၈၇ ထဲက စကစတွေက ညကတည်းက ပြေးကြတာ၊ စလောင်းကုန်းရောပဲ။ မနက်က ၅ နာရီလောက်ကို ၃၈၇ ကို သိမ်းပြီး မိုးလင်းတော့ စလောင်းကုန်းကို ဆက်သိမ်းလိုက်တယ်” ဟု အထက်ပါဒေသက ရွာတွင်း ကျန်ရစ်ခဲ့သည့် ရွာသားတချို့ကို ကိုးကားပြီး ပြောသည်။

ထို့နောက် ခမရ (၃၂၀) ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် အဆိုပါ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ စခန်းသုံးခုမှာ တစ်ခုနှင့်တစ်ခု နှစ်မိုင်ခန့်သာ ကွာဝေးသည်ဟု ဒေသခံတို့က ဆိုသည်။

ယနေ့နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ တစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကုန်းဝန်းကျင်အပြင် အနီးအနားရှိ ကျေးရွာများအနီးတွင်လည်း ဗုံးကျရောက် ပေါက်ကွဲမှုများရှိခဲ့သည်ဟု သိရသော်လည်း ထိခိုက်ပျက်စီးမှုများကိုတော့ မသိရသေးပေ။

တိုက်ပွဲများကြောင့် ကုန်းလောရွာသား အားလုံးနီးပါး ရွာမှ တိမ်းရှောင်ကြသော်လည်း ရွာသားတချို့မှာ ရွာစောင့်အဖြစ်ကျန်ရစ်နေခဲ့ကြသည်၊ ယနေ့ စခန်းသိမ်းပိုက်ပြီးနောက် လေတပ် လာရောက် ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့ပါ ရွာမှ တိမ်းရှောင်လာကြသည်ဟု သိရသည်။

တာဝါတိုင်ကုန်း (စလောင်းကုန်း) စခန်းကို သိမ်းပိုက်ရာတွင် အနီးရှိ ကာကင်းကုန်း ၅ ခုထက်မနည်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသော်လည်း ဗိုလ်မှူးကြီးနော်ဘူက စုစုပေါင်းသိမ်းပိုက်နိုင်သည့် စခန်းအရေအတွက်ကို အတည်ပြုပေးနိုင်ခြင်း မရှိပေ။

“ပင်မ (စခန်းကုန်း) သိမ်းရင်တော့ ကာကင်းလောက်ကတော့ ပြောစရာလိုမယ် မထင်ပါဘူး။ ကျွန်တော် မပေါင်းမကြည့်မိဘူး။ ကာကင်းတွေက ဘယ်နှခုဆိုတာလည်း မမှတ်မိတော့ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် စခန်းကုန်းတချို့မှ စစ်ကောင်စီတပ်များမှာ စခန်းကို စွန့်ခွာပြီး နီးစပ်ရာ တပ်များသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။

မတ် ၂၃ ရက်က မံစီမြို့နယ် မိုင်းခေါင်ရွာအနီးရှိ တပ်စခန်း ၃ ခုကို စစ်ကောင်စီတပ်သားတို့က စွန့်ခွာသွားသလို မတ် ၂၄ ရက်တွင် မချမ်းဘောမြို့နယ် အလန်ဂါးရွာမှ စခန်းကိုလည်း စွန့်ခွာပြီး ထွက်ပြေးသွားကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

KIA သည် ပြည်နယ်မြို့တော် မြစ်ကြီးနား၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ဆင်ဘိုမြို့ကို ထိန်းချုပ်ထားပြီး မြို့အနီးရှိ ခလရ (၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်နေသည်။

ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီလက်ကျန်တပ်ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

ယခုနှစ် မတ် ၇ ရက်မှ စတင်သည့် KIA ၏ စစ်ကောင်စီအပေါ် ထိုးစစ်အတွင်း KIA ဌာနချုပ် လိုင်ဇာမြို့အနီးမှ စခန်းများနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းပေါင်း ၃၀ ကျော်ကို စစ်ကောင်စီ လက်လွှတ်ခဲ့ရသည်။

KIA ၏ထိုးစစ်တွင် မဟာမိတ်များဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ဒေသတွင်းအခြေစိုက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် စစ်ကိုင်းတိုင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များလည်း ပါဝင်နေသည်။

Show More

Related Articles

Back to top button