သတင်း

KIA ထိုးစစ်ကို စစ်ကောင်စီ ဆက်လက် ရင်ဆိုင်နေရ

ကချင်ပြည်နယ် မိုးမောက်၊ ဆင်ဘိုနှင့် ဆွမ်ပရာဘွမ်မြို့တို့တွင် KIA ပူးပေါင်းတပ်က အပြင်းအထန် တိုက်ခိုက်နေရာ စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံလျက်ရှိသည်။

နိုင်ငံမြောက်ဘက်ပိုင်း ကချင်ပြည်နယ် မိုးမောက်၊ ဆင်ဘိုနှင့် ဆွမ်ပရာဘွမ်မြို့တို့ရှိ စစ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မဟာမိတ်တို့နှင့် ပူးပေါင်းကာ အပြင်းအထန် ဆက်လက်တိုက်ခိုက်နေသည်။

ပူးပေါင်းတပ်သည် မိုးမောက်မြို့နယ် ကုန်းလောနှင့် စီဟတ်ရွာအနီးရှိ  စခန်းများကို သိမ်းပိုက်ရန် ကြိုးစားနေရာ တိုက်ပွဲများပြင်းထန်နေသည်ဟု KIA ၏ မဟာမိတ်ဖြစ်သည့် ကချင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) ၏ တာဝန်ခံတစ်ဦးက မြေပြင်တပ်များကို ကိုးကားပြီး ပြောသည်။

“ကုန်းလောနားက စခန်းနှစ်ခုကတော့ မရသေးဘူး၊ သူ့နောက်ဘက်က အမြောက်တပ်တစ်ခု ထပ်ရထားတယ်။ ဒီနေ့လည်း ပွဲဖြစ်နေတုန်းပဲ၊ လေယာဉ်လည်း လာတယ်ပြောတယ်” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။

ဆက်သွယ်ရေးအခက်အခဲကြောင့် တိုက်ပွဲနှင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေများကို အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီလက်ထဲမှ သိမ်းယူနိုင်ခဲ့သည့် KIA ဌာနချုပ်လိုင်ဇာအနီးမှ ဘွမ်ရေဘွမ့်စခန်းကို KIA စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းက NUG ကာကွယ်ရေးဝန်ကြီးနှင့်အတူ မတ်လ ၂၀ ရက်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ – NUG/MOD)

ကုန်းလောရွာနှင့် စီဟတ်ရွာတို့မှာ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်တွင် တစ်ဆက်တည်းရှိပြီး ကုန်းလောရွာအနီးတွင်  ခမရ(၃၈၇) တပ်စခန်းနှင့် စီဟတ်ရွာအနီးတွင် ခမရ(၃၂၀) စခန်းတို့ရှိသည်။

ကုန်းလောရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိသည့် နွမ်းလန်းအခြေစိုက် ခမရ(၄၃၈) နှင့် အမှတ် (၆၁၆) ဒုံးတပ်ရင်းတို့ကို မတ် ၂၁ ရက်တွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး နောက်တစ်ရက်တွင် ကုန်းလောရွာဘက်ကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

မတ် ၂၃ ရက်တွင် ကုန်းလောရွာ၏ အနောက်ဘက် သုံးမိုင်ခန့်အကွာရှိ နောင်ကွမ် အမြောက်တပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခမရ(၃၈၇) နှင့် ခမရ(၃၂၀) တပ်ရင်းတို့ကို ဆက်လက်တိုက်ခိုက်နေသည်။

ယနေ့ နံနက် ၇ နာရီခန့်မှ စတင်ကာ အဆိုပါစခန်းနှစ်ခုတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သံများကို ကြားနေရသည်ဟု နီးစပ်ရာရွာတစ်ခုတွင် တိမ်းရှောင်နေရသည့် ကုန်းလောရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီ နှစ်နေရာလုံးမှာ ဖြစ်နေတာ။ လက်နက်ကြီးတွေလည်း ပစ်တယ်၊ လေယာဉ်လည်း လာတယ်။ ဒီနေ့က အခေါက်ရေ အများကြီးတော့ မလာသေးဘူး မနက်က တစ်ခေါက်၊ အခုလေးတင်တစ်ခေါက် လာသွားတယ်” ဟု အဆိုပါ ကုန်းလောရွာသားက မွန်းလွဲ ၂ နာရီခန့်က  ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းလောရွာအတွင်းရှိ နေအိမ်များနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့သလို ကုန်းလောရွာနှင့် နှစ်မိုင်ခန့်ဝေးသည့် မြို့သစ်ရွာအတွင်း ပုန်းခိုနေသည့် ရွာခံ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အဆိုပါ ကုန်းလောရွာသားက ပြောသည်။

ကုန်းလော မြို့သစ်ရွာအနီးရှိ စစ်ကောင်စီတပ်၏ တာဝါတိုင်ကုန်းစခန်းကိုလည်း တိုက်ခိုက်နေသည်ဟု သတင်းကြားရသော်လည်း အသေးစိတ်မသိရသေးကြောင်း ကုန်းလောရွာခံတချို့က ပြောသည်။

မိုးမောက်မြို့နှင့် အလားတူ ဆင်ဘိုမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း ခလရ(၁၄၁) ကို KIA နှင့် ပူးပေါင်းတပ်များက မတ် ၁၈ ရက်မှစတင်ကာ ပြန်လည်တိုက်ခိုက်နေပြီး မတ်(၂၀) ရက် တစ်ရက်တည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအလုံးရေ ၆၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး ဇန်နဝါရီ ၁၆ ရက်နေ့က KIA ပစ်ချခဲ့သည့် တရုတ်ထုတ် FTC 2000 G အမျိုးအစား တိုက်လေယာဉ် (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း နေ့တိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်း ရှိနေသည်ဟု ရှေ့တန်းရောက် မြို့လှ-PDF အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

“သူတို့ရဲ့ နှစ် ၃၀ လောက် အခြေစိုက်ထားတဲ့ စခန်းကို သွားသိမ်းရတာဆိုတော့ နည်းနည်းတော့ လွယ်လင့်တကူတော့ မရဘူးပေါ့။ သိမ်းတော့ သိမ်းနိုင်မှာပါ” ဟု အဆိုပါ ရဲဘော်က ပြောသည်။

ထို့ပြင် ဆွမ်ပရာဘွမ်မြို့တွင်လည်း မြို့ကို ထိန်းချုပ်ထားသည့် KIA နှင့် ပူးပေါင်းတပ်များက မြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဒေသခံ အမျိုးသားက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေသည့်အတွက် ရွာအနီးသို့ မသွားနိုင်သလို သတင်းအသေးစိတ်ကိုလည်း မသိရသေးကြောင်း အဆိုပါ မြို့ခံ အမျိုးသားက ပြောသည်။

ဆွမ်ပရာဘွမ်မြို့ကို မတ် ၁၄ ရက်မှ စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

ကချင်ဒေသတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာ ဆွမ်ပရာဘွမ်တိုက်ပွဲ သတင်းအသေးစိတ်အခြေအနေကို ပြောကြားခြင်းမရှိပါ။ သို့သော် မံစီမြို့နယ် မိုင်းခေါင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်း သုံးခု ဆုတ်ခွာသွားသည့်အတွက် KIA တပ်များ သိမ်းပိုက်နိုင်ခဲ့ကြောင်းကိုတော့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပေးသည်။

ထို့ပြင် မချမ်းဘောမြို့နယ် အလန်ဂါးရွာရှိ စစ်ကောင်စီစခန်းတစ်ခုမှ လက်နက်ကိုင်များ မတ် ၂၄ ရက်နေ့တွင် စခန်းကို စွန့်ခွာပြီး ထွက်ပြေးသွားကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေချိန်တွင် KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာသည်။

မတ် ၇ ရက်မှ စတင်သည့် တိုက်ပွဲများအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် စခန်းများအပါအဝင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

Show More

Related Articles

Back to top button