သတင်း

တိုက်ပွဲဖြစ်နေသော မိုးမောက်တွင် ဒေသခံ ၂ ဦးသေဆုံး၊ KIA စခန်းတစ်ခု ထပ်ရ

ကချင်ပြည်နယ် မိုးမောက်မြို့ တိုက်ပွဲများတွင် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံးပြီး ခမရ (၄၃၈) တပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နွမ်းလန်းရွာမှ ခြေမြန်တပ်ရင်း ခမရ (၄၃၈) တပ်စခန်း၊ အမှတ် (၆၀၆) ဒုံးတပ်ရင်းတို့ကို ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များက ယမန်နေ့ (မတ်လ ၂၁ ရက်) တွင် သိမ်းပိုက်လိုက်သည်။

ဗန်းမော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) လက်အောက်ခံတပ်ရင်းဖြစ်သည့် ခမရ (၄၃၈) တပ်ရင်းရှိပြီး အဆိုပါ စခန်းဝင်းအတွင်းမှာပင် အမှတ် (၆၁၆) ဒုံးတပ်ရင်းတစ်ခုလည်း တပ်ထိုင်ထားသည်။ ထိုစခန်းသည် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ နွမ်းလန်းရွာအနီးတွင် တည်ရှိသည်။

အဆိုပါ စခန်းကို KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နံနက်အစောပိုင်းမှ စတင်ကာ တိုက်ခိုက်ခဲ့သည်၊ ညနေ ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်တပ်များကို ကိုးကားပြီး KPDF တာဝန်ခံ အမျိုးသားက ပြောသည်။

“အားလုံးလည်း ရှင်းလိုက်နိုင်တယ်။ လက်နက်လူသူရတာက အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ သူတို့လက်နက်ကြီးနဲ့ ပစ်လို့ ရွာထဲက လူတွေကတော့ အစောပိုင်းကတည်းက ရှောင်ထားကြတာဆိုတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး” ဟု သူက ပြောသည်။

နွမ်းလန်းစခန်းအပြင် အဆိုပါ စခန်းနှင့် သုံးမိုင်ခန့်ဝေးသည့် ကုန်းလောရွာတွင် ခမရ (၃၈၇)၊ စီဟတ်ရွာတွင် ခမရ (၃၂၀) စသည့် အထိုင်တပ်ရင်းများရှိနေသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လက်နက်ကြီးများဖြင့် အနီးဝန်းကျင် ကျေးရွာများသို့ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။

ခမရ (၃၂၀) ၏ အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာတွင် ရှိသည့် ဟင်းသာရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ဒေသခံ အမျိုးသမီးနှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“(သေဆုံးသူအမျိုးသမီး) သူ့မောင်ရဲ့ အိမ်မှာ ဆိုင်ကယ်ပေါ်ကို လာကျတာတဲ့၊ ဆိုင်ကယ်ပါ လွင့်စဉ်သွားရော။ လူတွေက ဝိုင်းထိုင်ပြီး စကားပြောနေကြတာပါ။ စစ်ဘေးရှောင်တွေပါ ရှိတာဆိုတော့ နှစ်ယောက်ကတော့ ပွဲချင်းပြီးသွားတာ၊ သုံးယောက်ကတော့ ဒဏ်ရာရတော့ ဗန်းမော်ဆေးရုံကို ပို့လိုက်တယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။

သေဆုံးသူတို့မှာ အသက် ၂၄ နှစ်နှင့် အသက် ၇၀ အရွယ်များ ဖြစ်ကြသည်။ ဒဏ်ရာရသူတို့၏ အခြေအနေကို မသိရသေးပေ။

သေဆုံး၊ ဒဏ်ရာရကြသူများမှာ ဟင်းသာရွာနှင့် သုံးမိုင်ခန့်ဝေးသည့် မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ မြို့သစ်ရွာမှဖြစ်ပြီး နွမ်းလန်းရွာတွင်တိုက်ပွဲ ပြင်းထန်လာသည့်အတွက် ဟင်္သာရွာသို့ ခေတ္တတိမ်းရှောင်နေကြခြင်းဖြစ်သည်။

မိုးမောက်မြို့ရှိ စစ်ရှောင်ဒုက္ခသည်များ သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မိုးမောက်နှင့် ဒေါ့ဖုန်းယန်မြို့ကြား မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက် ကျေးရွာများတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ (၁၄၂) ဒေါ့ဖုန်းယန်နှင့် ခမရ (၄၃၇) မိုးမောက်၊ စကခ (၂၁) လက်အောက်ခံ မြို့သစ်ရွာ အခြေစိုက် ခမရ (၃၂၀)၊ ခမရ (၃၈၇)၊ နွမ်းလန်းရွာ အခြေစိုက် ခမရ (၄၃၈)နှင့် တာဆိုင်းရွာ အခြေစိုက် ခလရ (၂၃၇)တပ်တို့ ရှိသည်။

အဆိုပါ စခန်းများအနက် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) ကို မတ် ၇ ရက်၊ တာဆိုင်းရွာအခြေစိုက် ခလရ (၂၃၇) ကို မတ် ၁၄ ရက်၊ နွမ်းလန်းရွာအခြေစိုက် ခမရ (၄၃၈) တပ်တို့ကို မတ် ၂၁ ရက်တို့တွင် KIA သိမ်းပိုက်ထားသည်။

တိုက်ပွဲများကြောင့် ကုန်းလော၊ မြို့သစ်၊ နွမ်လန့်၊ တာဆိုင် စသည့် ကျေးရွာများမှ ဒေသခံအများစုမှာ နီးစပ်ရာ ကျေးရွာများသို့ စစ်ရှောင်နေကြရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်တွင် KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်လာသည်။

မတ် ၇ ရက်မှ စတင်သည့် တိုက်ပွဲများအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် စခန်းများနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းပေါင်း ၃၀ ကျော်ကို KIA က သိမ်းပိုက်ထားသည်။

ထို့ပြင် ဆွမ်ပရာဘွမ်မြို့နှင့် ဆင်ဘိုမြို့တို့ကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး ဆင်ဘိုမြို့အနီးရှိ ခလရ (၁၄၁) စခန်းနှင့် ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

Show More

Related Articles

Back to top button