သတင်း

KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ နာဖော့ စစ်ကောင်စီတပ်စခန်းကို KIA ထပ်သိမ်းယူ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ နာဖော့စစ်ကောင်စီတပ်စခန်းကို ယနေ့ (မတ်လ ၂၁ ရက်) နံနက်တွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၎င်းတို့၏ ဌာနချုပ် လိုင်ဇာမြို့အနီးရှိ နာဖော့စစ်ကောင်စီတပ်စခန်းကို ယနေ့ (မတ်လ ၂၁ ရက်) နံနက်တွင် သိမ်းပိုက်လိုက်ပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ တပ်စခန်းတချို့ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

လိုင်ဇာမြို့၏ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် နာဖော့စခန်းနှင့် အခြားစခန်းများကို မတ် ၁၇ ရက်မှစတင်ကာ KIA နှင့် မဟာမိတ်တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်များအတွင်း ဆက်တိုက် သိမ်းပိုက်ထားသည့်စခန်း အရေအတွက် ၄ ခု ရှိသည်။

ယနေ့နံနက်တွင် အဓိကစခန်းကြီးဖြစ်သည့် နာဖော့စခန်းနှင့် အူဂါရှန်စခန်းတို့ကို သိမ်းလိုက်သည်၊ လက်ကျန်တပ်များကို ဆက်လက်တိုက်ခိုက်နေသည်ဟု မြေပြင်တပ်ဖွဲ့ဝင်များကို ကိုးကားပြီး ကချင်ဒေသကာကွယ်ရေးအဖွဲ့ KPDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည်၊ နောက်ဆက်တွဲတိုက်ပွဲများ ဆက်လက်ဖြစ်နေသည်၊ အသေးစိတ်ကိုမူ မသိရသေးဟု သူက ဆိုသည်။

နာဖော့ဒေသတွင် ယနေ့နံနက်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေရာ နံနက် ၇ နာရီခန့်မှစတင်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လိုင်ဇာမြို့နှင့် ပါဂျောင်တောင်ကြားတွင် ရှိသည့် စစ်ကောင်စီတပ်စခန်းများကို မတ် ၁၇ ရက်မှစတင်ပြီး တိုက်ခိုက်နေရာ ယနေ့အထိ နာဖော့စခန်းအပါအဝင် စခန်း ၆ ခု သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Kachin News Group က ရေးသားထားသည်။

အဆိုပါ စခန်း ၆ ခုတွင် လီဆူပါဂျော်၊ ရင်ဆိုင်ကုန်း၊ ပွိုင့် ၆၆၇၊ အူလော့ကုန်းတို့ကို ပြီးခဲ့သည့် ရက်များအတွင်း သိမ်းပိုက်နိုင်ခဲ့သည်၊ အူဂရှန်နှင့် နာဖော့ဗျူဟာကုန်းတို့ကို ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု KNG သတင်းတွင် ဖော်ပြထားသည်။

ဝိုင်းမော်မြို့နယ်အတွင်း တည်ရှိပြီး တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးရှိ နာဖော့ဒေသသည် ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က KIA ၏ ပါဂျောင်ဌာနချုပ်တည်ရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် စစ်တပ်၏ ထိုးစစ်ကြောင့် အဆိုပါ ဒေသမှ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှ စခန်းသိမ်းတိုက်ပွဲများ

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ မိုးမောက်မြို့နယ် နွမ်လန့်၊ မြို့သစ်၊ ကုန်းလော စသည့်ရွာများအနီးရှိ စခန်းများကို KIA နှင့် ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“နွမ်လန့်ဘက်တို့ မြို့သစ်၊ ကုန်းလော ဘက်မှာတော့ တိုက်ပွဲတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီဘက်တွေမှာလည်း စခန်းသိမ်းတဲ့ သတင်းတွေကတော့ အခုထက်ထိ မရသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နွမ်လန့်ရွာအနီးတွင် ဗန်းမော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) လက်အောက်ခံ ခမရ (၄၃၈) တပ်ရင်းရှိသည်။ ကျယ်ဝန်းသည့် တပ်ဝင်းအတွင်း ခံစစ်အခိုင်အမာပြင်ထားသည့် စခန်းတစ်ခုဖြစ်သည်။

နွမ်လန့်ရှိ အဆိုပါ ခမရ (၄၃၈) တပ်ဝင်းအတွင်း အမြောက်တပ်ပါ တပ်ထိုင်ထားပြီး တိုက်ပွဲပြင်းထန်နေစဉ် တပ်စခန်းအနီးတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

ယနေ့ နံနက် ၇ နာရီခန့်မှစတင်ကာ နွမ်လန့်ရွာအနီး တိုက်ပွဲဖြစ်ပွားသံများကြားနေရပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားက ပြောသည်။

“ကျွန်တော်တို့နေတဲ့နေရာကတောင် လက်နက်ကြီးသံနဲ့ လေယာဉ်သံတွေ ကြားနေရတယ်၊ လက်နက်ငယ်သံတော့ မကြားရဘူး၊ မနက်အစော ၇ နာရီလောက်ကတည်းက ပစ်နေကြတာ” ဟု သူက ပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ စခန်းအများစုကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသော်လည်း မိုးမောက်နှင့် ဒေါ့ဖုန်းယန်မြို့ကြားတွင် စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်း ကျန်ရှိနေသေးသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခမရ(၄၃၇) မိုးမောက်၊ စကခ (၂၁) လက်အောက်ခံ မြို့သစ်ရွာ အခြေစိုက် ခမရ(၃၂၀)၊ ခမရ(၃၈၇) နှင့် နွမ်လန့်ရွာ အခြေစိုက် ခမရ(၄၃၈) နှင့် တပ်တို့ ကျန်ရှိနေသေးသည်။

မတ်လ ၇ ရက်မှ စတင်သည့် တိုက်ပွဲများကြောင့် ကုန်းလော၊ မြို့သစ်၊ နွမ်လန့်၊ တာဆိုင် စသည့်ကျေးရွာများမှ ဒေသခံအများစုမှာ နီးစပ်ရာ ကျေးရွာများသို့ စစ်ရှောင်နေကြရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်တွင် KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်နေသည်။

မတ် ၇ ရက်နေ့မှ စတင်သည့် တိုက်ပွဲများအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် စခန်းများနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းပေါင်း ၃၀ ကျော်ကို KIA က သိမ်းယူထားသည်။

Show More

Related Articles

Back to top button