သတင်း

စစ်ကိုင်းတွင် သုံးနှစ်ကြာ တိမ်းရှောင်နေသည့် မန္တလေးမှ အုပ်ချုပ်ရေးမှူး အဖမ်းခံရ

စစ်ကိုင်းမြို့နယ်အတွင်း ရွာတစ်ရွာ၌ တိမ်းရှောင်နေသည့် NLD လက်ထက် အုပ်ချုပ်ရေးမှူးဟောင်းကို စစ်တပ်က ကားသုံးစီးဖြင့် လာရောက်ဖမ်းဆီးသွားသည်။

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသတွင် သုံးနှစ်ကြာ တိမ်းရှောင်နေသည့် မန္တလေးမြို့ပေါ်မှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ယခုလ ၁၄ ရက်နေ့က အဖမ်းခံလိုက်ရကာ စစ်ကြောရေးရောက်သွားသည်ဟု သိရသည်။

အဖမ်းခံရသူမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက် (သံနောက်) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးညီညီထွန်းဖြစ်ပြီး ၎င်းကို စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာ၌ စစ်တပ်က စစ်ကားသုံးစီးဖြင့် လာဖမ်းသွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးနှင့် ဒေသခံများက ဆိုသည်။

“သတင်းအတိအကျရပြီး လာဖမ်းတာလို့ ပြောတယ်။ သူက တိမ်းရှောင်နေတာ ကြာပြီ။ ခုမှ ဒလန်ကြောင့်လို့ ထင်ပါတယ်။ သူက ရပ်ကွက်အပေါ် ကောင်းခဲ့တဲ့သူဆိုတော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ဦးညီညီထွန်း၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းကို ၂၀၂၁ ဧပြီလတွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ထိုနှစ် ဇွန်လတွင် လွတ်မြောက်လာပြီးနောက် မိသားစုလိုက် တိမ်းရှောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည့် အသက် ၅၅ နှစ်အရွယ် ဦးညီညီထွန်းမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်ခြင်း မပြုသည့် အုပ်ချုပ်ရေးမှူးများအနက် တစ်ဦးဖြစ်သည်။

သံလျှက်မှော်အနောက်ရပ်ကွက်ရှိ ဦးညီညီထွန်း၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ထားသည်ဟု သိရသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

အုပ်ချုပ်ရေးမှူးဟောင်း ဦးညီညီထွန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ရှိရာ မန္တလေနန်းတွင်းစစ်ကြောရေး၌ ထိန်းသိမ်းထားကြောင်း၊ နှိပ်စက်ခံရသဖြင့် ဒဏ်ရာအများအပြားရထားကြောင်းလည်း အထက်ပါ နီးစပ်သူက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေးယန္တရားတွင် မပါဝင်လိုသဖြင့် ဦးညီညီထွန်း နုတ်ထွက်သွားပြီးနောက် သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် အသက် ၆၀ အရွယ် ဦးမောင်နိုင်ဆိုသူကို စစ်ကောင်စီက တာဝန်ပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်မှာ လက်ရှိတွင် ကျန်းမာရေးမကောင်းသဖြင့် ၎င်း၏သားနှစ်ဦးက အုပ်ချုပ်ရေးကိစ္စများတွင် ခြယ်လှယ်နေသည်ဟု သံနောက်ရပ်ကွက်တွင် နေထိုင်များက ပြောသည်။

“သူ့သားတွေကတော့ အတော်ခပ်ဆိုးဆိုးပဲ။ စိတ်သဘောထားလည်း မကောင်းဘူး။ စစ်ကောင်စီနဲ့လည်း ပူးပေါင်းပြီး ဧည့်စာရင်းကိစ္စတွေ၊ အဖမ်းအဆီးကိစ္စတွေမှာ ရပ်ကွက်ကို အတော်ဒုက္ခပေးတယ်” ဟု ထိုရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၈ ခုရှိသည့်အနက် NLD ပါတီထောက်ခံသူများပြားသည်ဟူသော စွပ်စွဲချက်ဖြင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရပ်ကွက်နေ ပြည်သူအများအပြားကို ဖမ်းဆီးကာ အပြင်းအထန်ဖိနှိပ်ခဲ့သည်။ 

အာဏာသိမ်းအပြီး လေးလအကြာ ၂၀၂၁ မတ် ၁ ရက်တွင် သံနောက်ရပ်ကျေးရုံး မီးရှို့ခံရပြီး စစ်ကောင်စီက ရုံးကို အသစ်ပြန်ဆောက်ခဲ့သည်။

စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပြန်ဆောက်စဉ်ကာလအတွင်း မြို့ခံပြောက်ကျားတော်လှန်းရေးအဖွဲ့များက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး ရပ်ကွက်တွင်းရှိ စစ်တပ်သတင်းပေးဟု ကျော်စောသူတချို့နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး စသည့် အုပ်ချုပ်ရေးပိုင်းမှ လူအချို့လည်း သတ်ဖြတ်ခံရသည်။

စစ်ကောင်စီသည် မန္တလေးမြို့ခံအများအပြားကို ဖမ်းဆီးကာ နေအိမ်များကိုလည်း ချိပ်ပိတ်ခဲ့သည်။ 

၂၀၂၃ ဩဂုတ်တတိယပတ်အတွင်းကလည်း တော်လှန်ရေးသမားများကို ပံ့ပိုးသည်ဟု စွပ်စွဲ၍ အသက် ၇၀ အရွယ် အငြိမ်းစားဆရာဝန်ကြီး၊ ဇနီးနှင့် သားဖြစ်သူကို ဖမ်းကာ မြို့လယ်ရှိ ကွန်ဒိုနှင့် ဆေးခန်းကိုပါ စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။

ဦးညီညီထွန်း ဖမ်းဆီးခံရသည့် ခိုတောင်ကျေးရွာနှင့် မန္တလေးမြို့အခြေအနေပြမြေပုံ။

Show More

Related Articles

Back to top button