မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ ယမန်နေ့ (မတ်လ ၁၉ ရက်) ညပိုင်းက ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရသဖြင့် အဆောက်အအုံထိခိုက်မှုရှိသည်ဟု မြို့ခံများက ပြောသည်။
မန္တလေးမြို့လယ် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့် စစ်တပ်ဝင်းအတွင်း တည်ဆောက်ထားသည့် ထိုခန်းမ တိုက်ခိုက်ခံရခြင်းကြောင့် အဆောက်အအုံပြင်ပရှိ မှန်တံခါးများပျက်စီးသွားပြီး အိမ်မွေးခွေးတစ်ကောင် သေဆုံးသွားသည်ဟု ထိုနေရာအနီး နေထိုင်သူက ပြောသည်။
“အသံကြီးက အတော်ကျယ်တယ်။ ကျွန်မတို့လည်း ကြားလိုက်ရပြီး ကြောက်တော့ ထွက်မကြည့်ရဲဘူး၊ အနီးအနား တစ်ခုခုဖြစ်ပြီလို့တော့ သိလိုက်တယ်” ဟု သူက ပြောသည်။
တိုက်ခိုက်ခံရအပြီး စစ်သားအများအပြားရောက်ရှိလာကာ အဆိုပါ ခန်းမရှေ့ ၇၈ လမ်းမကြီးကို ပိတ်၍ စစ်ဆေးကြသည်ဟုလည်း သူက ဆက်ပြောသည်။
“လမ်းက ညနေပိုင်းမှ ပြန်ဖွင့်ပေးတယ်။ လမ်းတစ်ပြလုံး ပိတ်ပစ်လိုက်တယ်။ ဖြတ်သွားဖြတ်လာ ယာဉ်တွေကို လမ်းကြားတွေက သွားဖို့ ရဲတွေအများအကြီးက တစ်နေကုန် အလှည့်ကျ လမ်းလွှဲတယ်၊ ခန်းမဝင်းထဲကို စစ်ကားတွေ ရောက်လာကြတယ်” ဟု သူက ပြောသည်။
ပေါက်ကွဲမှုဖြစ်သည့်နေရာအနီး အလုပ်လုပ်ကိုင်သော ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးကလည်း ယင်းခန်းမတိုက်ခိုက်ခံရမှုကို အတည်ပြုပြီး လူသေဆုံးမှုမရှိဟု ဆိုသည်။
“ကျွန်မတို့ဆိုင်တွေကို အင်အား ၃၀ လောက်ရှိမယ်၊ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် CCTV (လုံခြုံရေးကင်မရာမှတ်တမ်း) တွေ လာကြည့်တယ်။ တစ်နေကုန် သူတို့က ဝင်လိုက်ထွက်လိုက်လုပ်နေတော့ ကြောက်နေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
မန္တလေးမြို့အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် No More Dictatorship People Defence Force (NMD) အဖွဲ့က ၎င်းတို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။
“အဲဒီခန်းမနဲ့ ပေ ၃၀၀ အကွာအဝေး မြို့လယ်ကောင်နေရာကနေပဲ ကျွန်တော်တို့ တည်ထုခဲ့တာဗျ။ နောက်ဆက်တွဲအထိအခိုက်တွေက လုံခြုံရေးအရ စုံစမ်းလို့မရသေးဘူး။ မှန်တွေအပျက်အစီးတွေတော့ ခုထက်ထိ မလဲရသေးဘူးလို့ သိရတယ်” ဟု NMD တာဝန်ခံ ကိုချာလီက ဆိုသည်။
စစ်တပ်အကြီးအကဲများ အစည်းအဝေးပြုလုပ်ခြင်း၊ အထိမ်းအမှတ်ပွဲများပြုလုပ်ခြင်း၊ စစ်တပ်နောက်လိုက် ဝန်ထမ်းများကို ဝါဒဖြန့်ရန် အသုံးပြုလျက်ရှိသော အရေးပါသည့် စစ်တပ်ထောက်တိုင်နေရာတစ်ခုဖြစ်သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်။
ယင်းခန်းမသည် စစ်အာဏာသိမ်းပြီး ၃ လအကြာ၂၀၂၁ မေလ ၁၇ ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်လာရောက်ကာ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။
ထိုခန်းမကို စစ်ခေါင်းဆောင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သည်ဟု မန္တလေးမြို့ခံများက ယုံကြည်နေကြပြီး တချို့က “အောင်ပြည့်စုံခန်းမ” ဟုပင် ခေါ်ဝေါ်ကြသည်။
ထိုခန်းမသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ရန် ရည်ရွယ်သည်ဟု စစ်ခေါင်ဆောင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောခဲ့သည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့များ တိုက်ခိုက်မှု အားကောင်းခဲ့သည့် မန္တလေးတွင် ပြီးခဲ့သည့် ဇန်နဝါရီလလယ်ပိုင်းမှ စတင်ကာ မြို့ပြပြောက်ကျားတို့၏ တိုက်ခိုက်မှုများ လျော့ကျသွားပြီး ကာလအတန်ကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
စစ်ကောင်စီကလည်း ၎င်းတို့ကို ဆန့်ကျင်သူဟု ယူဆသူအများအပြားကို ပိုက်စိပ်တိုက် ဖမ်းဆီးထားပြီး မန္တလေးမြို့ကို လုံခြုံရေး တင်းကျပ်ထားသည်။