ရုပ်သံသတင်း

စစ်ကောင်စီကို တိုက်ရေး၊ မတိုက်ရေး မူဝါဒနှစ်ခုကြားက မွန်ပြည်သစ်အကွဲအပြဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ချုပ်ဆိုခဲ့သော မွန်ပြည်သစ်ပါတီ (NMSP) ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ စစ်အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာတွင် ပေါ်ပေါက်ခဲ့သည်။ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အပစ်ရပ်ထားသော မွန်ပြည်သစ်ပါတီ၏ ခေါင်းဆောင်တချို့သည် အာဏာသိမ်းစစ်တပ်နှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် အနည်းဆုံး ၃ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အပစ်ရပ်လက်နက်ကိုင်တချို့နှင့် ဆွေးနွေးနေသော်လည်း နိုင်ငံအနှံ့အပြားရှိ ဆန့်ကျင်သူတို့ကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည့် စစ်တပ်ကို စစ်ရေးနည်းဖြင့် ပြန်လည်တိုက်ခိုက်ရန် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တချို့က ဆုံးဖြတ်ခဲ့ကြသည်။ စစ်ရေးနည်းမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဆက်သွားလိုသည့် ခေါင်းဆောင်တချို့လည်း ရှိခဲ့သည်။ ၂၀၂၃ နှစ်ကုန်ပိုင်းက ပြုလုပ်သည့် (၁၁) ကြိမ်မြောက် ညီလာခံတွင် အပစ်ရပ် NCA လမ်းကြောင်းအတိုင်း စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းသွားရန် ဆုံးဖြတ်ခဲ့ရာ ဒုစစ်ဦးစီးချုပ်၊ အထွေထွေအတွင်းရေးမှူးနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က မွန်ပြည်သစ်ပါတီနှင့် လမ်းခွဲခဲ့သည်။ ခွဲထွက်သွားသည့် ခေါင်းဆောင်တချို့က နွေဦးတော်လှန်ရေးတွင် ပါဝင်ပြီး စစ်တပ်ကို ပြန်တိုက်မည်ဟု ဖေဖော်ဝါရီ ၁၄ တွင် ‘မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)’ အမည်ဖြင့် တရားဝင်ကြေငြာခဲ့သည်။ မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် ခေါင်းဆောင်များက အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆွေးနွေးကာ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ကြမည်ဟုလည်း သဘောတူထားသည်။ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ခွဲထွက်သွားသူ အင်အား ၂၀၀ ခန့်ရှိသည်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ ခွဲထွက်သူများ ပြန်လည်ပေါင်းစည်းရန် စည်းရုံးနေသည်ဟုလည်း မတ်လ ၂၉ တွင် ၎င်းက ဆိုသည်။ ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှု အခြေအနေများနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သူ နိုင်အောင်မငေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် Myanmar Now သတင်းထောက်က တွေ့ဆုံမေးမြန်းထားသည်။ မေးမြန်း – စောရယ်

Show More

Related Articles

Back to top button