သတင်း

တနိုင်းမြို့နယ် စစ်စခန်းတစ်ခုကို KIA သိမ်း၊ စခန်းတချို့ ကျန်နေ

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ နမ်ဂေါန်ရွာအနီးရှိ စစ်စခန်းကို KIA က တစ်နေ့တာ ထိုးစစ်ဆင်ပြီးနောက် မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရွှေမှော်အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက မတ် ၁၈ ရက်နေ့ ညပိုင်းတွင် သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးလိုက်သည်။

မြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာ နမ်ဂေါန်ရွာအနီးရှိ ထိုစခန်းကို ထိုနေ့နံနက်ပိုင်းတွင် စတင် ထိုးစစ်ဆင်ခြင်း ဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့ ဆက်လက်ထိုးစစ်ဆင်နေခဲ့တာ ည ၈ နာရီ ဝန်းကျင်လောက်မှာတော့ နမ့်ဂေါန်ဆိုတဲ့ ရွှေမှော်တပ်စခန်းကို သိမ်းလို့ရပါပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့် သုံ့ပန်း၊ လက်နက်ခဲယမ်းရရှိမှု စသည့် အသေးစိတ်အချက်အလက်များကို  မသိရသေးပေ။

တိုက်ပွဲအတွင်း လေတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရွှေမှော်အတွင်းရှိ အလုပ်သမားအများစုမှာ အခြားကျေးရွာများနှင့် တနိုင်းမြို့သို့ တိမ်းရှောင်နေကြရသည်။

တနိုင်းမြို့နယ်အတွင်းရှိ အဆိုပါ ရွှေမှော်များတွင် စစ်ကောင်စီတပ်၏ စခန်း ၃ ခုထက်မနည်း ကျန်နေသေးသည်။ တိုက်ပွဲများ ဆက်ဖြစ်လာနိုင်သည်ဟု တနိုင်းမြို့သို့ တိမ်းရှောင်နေသည့် ရွှေမှော်လုပ်သား အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီနားမှာ တခြားစခန်းတွေရှိသေးတယ်လေ၊ ကျွန်တော်သိသလောက် အင်ဂါဂါးရှိမယ်၊ သူ့ဟိုဘက်မှာလည်း စခန်းတစ်ခုရှိသေးတယ်။ တိုက်ပွဲက ဆက်ဖြစ်ဦးမယ့် သဘောရှိတယ်၊ ဒီဘက်က လူတွေ (အလုပ်သမားတွေ) ကတော့ လေကြောင်းကိုကြောက်လို့ ရှောင်ကြတာများတယ်” ဟု သူက ပြောသည်။

တနိုင်းမြို့နယ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ(၈၆), ခလရ(၂၃၈)နှင့် ခြေမြန်တပ်ရင်း ခမရ(၃၁၈)တို့ရှိသည်၊ အဆိုပါ ရွှေမှော်စခန်းများတွင် တပ်ရင်းသုံးခု အထိုင်ချထားသည်။

ထိုရွှေမှော်များသည် ၂၀၁၇ ခုနှစ်မတိုင်မီက KIA တပ်များ စိုးမိုးထားသည့် နယ်မြေဖြစ်သည်။

ယနေ့ (မတ်လ ၁၉ ရက်) တွင် တနိုင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဟု သိရသည်။

ဒေသတွင်း အခြား တိုက်ပွဲများ

ယနေ့ လိုင်ဇာမြို့အထက်ဘက် နားဖော့စခန်းဘက်တွင် တိုက်ပွဲဖြစ်ပွားနေသလို ဆွမ်ပရာဘွမ်မြို့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု KIA သတင်းရင်းမြစ်များထံမှ သိရသည်။

ဆွမ်ပရာဘွမ်တိုက်ပွဲတွင် လေတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီး ခုခံနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဆွမ်ပရာဘွမ်ဘက်မှာတော့ အခုလည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲကတော့ တိုက်နေတုန်းပဲရှိပါတယ်။ သိမ်းလို့တော့မရသေးဘူး။ Y 12 (ပို့ဆောင်ရေးလေယာဉ်) တို့၊ ဂျက်ဖိုက်တာတို့နဲ့ ပစ်ကူတာကတော့ အဓိက ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ကချင်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၇ ရက်အတွင်း စစ်ကောင်စီက သတင်း ၁ ပုဒ် ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စစ်တပ်၏လက်နက်ကြီးကြောင့် ဒေသခံ ၅ ဦး သေဆုံးသည်ဟူသော သတင်းမှာ မှားနေကြောင်း၊ ပြည်သူတို့ ထိခိုက်ရခြင်းမှာ KIA ပူးပေါင်းတပ်၏လက်ချက်ဖြစ်သည်ဟု “ဒေသခံပြည်သူတစ်ဦး၏ပြောကြားချက်အရ” သိရကြောင်း မတ် ၁၃ ရက်စွဲတပ် အဆိုပါ ထုတ်ပြန်ချက်တွင် ရေးထားသည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်တွင် KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေသည်။

KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက် စခန်းပေါင်း ၂၀ ကျော်ကို မတ် ၇ ရက်နေ့မှ စတင်ကာ သိမ်းပိုက်နိုင်ထားနိုင်သည်။ ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ကာ မြို့အဝင်အထွက်လမ်းများကိုလည်း ပိတ်ဆို့ထားနိုင်သည်။

Show More

Related Articles

Back to top button