ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကချင်ဒေသ ကာကွယ်ရေးတပ် KPDF များက ပူးပေါင်းတိုက်ခိုက်နေရာ စစ်တပ်က လေကြောင်းမှ ဗုံးကြဲပြီး တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
ဆွမ်ပရာဘွမ်မြို့တစ်ခုလုံးကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး တစ်ခုတည်းကျန်ရစ်သည့် စစ်ကောင်စီတပ်စခန်းကုန်းကို ဆက်လက်တိုက်ခိုက်နေသည်။ စစ်တပ်ကလည်း လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားက ပြောသည်။
“အခုက တိုက်နေတုန်းပဲရှိသေးတယ်၊ စစ်တပ်စခန်းကုန်းကို တိုက်နေတာ၊ ရဲစခန်းကတော့ စဖြစ်တဲ့နေ့က လက်နက်ချလိုက်တာ။ စဖြစ်တဲ့နေ့မှာကတည်းက လေယာဉ်နဲ့ လာပစ်တယ်၊ နောက်နေ့တွေလည်း ဆက်တိုက် တစ်ရက်ကို ၁၀ ကြိမ်ထက်မနည်း လာပစ်တယ်”
ထိုတပ်စခန်းကုန်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ပူတာအိုမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၄၆) တပ်မှ စစ်သားများ တပ်ထိုင်ထားသည်၊ ပြည်သူ့စစ်တချို့ကို အားဖြည့်ထားသည်ဟု သိရသည်။
မတ် ၈ ရက်က ဆွမ်ပရာဘွမ်မြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာတွင်ရှိသည့် စစ်ကာင်စီတပ်၏ မလိယန်စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် မတ် ၁၄ ရက်မှစကာ တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်သည်။
ယနေ့ (မတ်လ ၁၈ရက်) နံနက်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နံနက်အစောပိုင်းက စစ်ကောင်စီတပ်၏ လေယာဉ်တစ်စီး ဗုံးလာကြဲခဲ့သည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေများကို မသိရသေးပေ။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ရာ စခန်းကုန်းကို ဆက်လက်တိုက်ခိုက်နေသည်၊ သတင်းအတိအကျ မသိရသေးဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ဆွမ်ပရာဘွမ်စခန်းမှ အသက် ၅၀ ခန့်အရွယ် ခေါင်လန်ဖူး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်လာကြောင်း ပူတာအို-PDF အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
အလင်းဝင်လာသည့် သူ၏ ပြောဆိုချက်အရ ဆွမ်မရာဘွမ်စခန်းအတွင်း ပြည်သူ့စစ်အင်အား ၂၀ ခန့်နှင့် စစ်ကောင်စီအင်အား ၃၀ ခန့် ကျန်ရှိနေသေးသည်ဟု ဆိုသည်။
ယမန်နေ့ (မတ်လ ၁၇ ရက်) ကလည်း တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်၊ စစ်တပ်က နံနက်အစောပိုင်းမှ ညနေ ၅ နာရီခွဲခန့်အထိ တိုက်လေယာဉ်ဖြင့် ၁၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
စစ်တပ်စခန်းကုန်းမှာ မြို့နှင့် တစ်ဆက်တည်းရှိပြီး မြို့မြောက်ဘက် တောင်ကုန်းပေါ်တွင်ရှိကာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်တပ်စခန်းကုန်းအနီးရှိသည့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံများမှာ မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်၏ မလိယန်စခန်းကုန်းကို KIA တပ်များ စတင်တိုက်ခိုက်စဉ်ကတည်းက ရှောင်တိမ်းခဲ့ကြသည့်အတွက် ထိခိုက်ဒဏ်ရာမရဟု သိရသည်။
“မြို့ပေါ်ကနေ လက်နက်ကြီး စပစ်ကတည်းက ရှောင်ကြရတာ အဝေးကြီးမသွားနိုင်ကြဘူး ကိုယ့်ဆွေမျိုးရှိရာ နီးစပ်ရာ ရွာတွေကို ရှောင်ကြရတယ်” ဒေသခံ အမျိုးသားက ပြောသည်။
စုစုပေါင်း ဆွမ်ပရာဘွမ် ဒေသခံ ၁၃၀၀ ကျော်ခန့်မှာ မြစ်ကြီးနားနှင့် ပူတာအိုမြို့များအထိ ရောက်အောင်မသွားနိုင်ကြဘဲ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။
မြစ်ကြီးနားမြို့၏ မြောက်ဘက် ၁၂၄ မိုင်ခန့်အကွာ မြစ်ကြီးနား-ပူတာအိုလမ်းပေါ်တွင်ရှိသည့် ဆွမ်ပရာဘွမ်မြို့ကို KIA က သိမ်းပိုက်မိပါက ပူတာအိုမြို့သည် ပိတ်ဆို့ခံရသည့် အခြေအနေသို့ ရောက်သွားနိုင်သည်။
KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက် စခန်းပေါင်း ၂၀ ကျော်ကို မတ် ၇ ရက်မှ စတင်ကာ KIA က သိမ်းပိုက်ထားသည်။ ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်ကာ မြို့အဝင်အထွက်လမ်းများကို ပိတ်ဆို့ထားသည်။