သတင်း

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ကျေးရွာတချို့တွင် ကင်းစောင့်ရန် စစ်တပ်ညွှန်ကြား

နေပြည်တော်ရှိ နေပြည်တော် လယ်ဝေးမြို့နယ် ရွာတချို့တွင် အုပ်ချုပ်ရေးမှူးများဦးစီး၍ ရပ်ရွာလုံခြုံရေးခေါင်းစဉ်ဖြင့် ပြည်သူများ ကင်းစောင့်သည့်စနစ်ကို ဖေဖော်ဝါရီ ဒုတိပတ်မှစတင်ကာ အကောင်အထည်ဖော်နေသည်။

နေပြည်တော် လယ်ဝေးမြို့နယ် ရွာတချို့တွင် အုပ်ချုပ်ရေးမှူးများဦးစီး၍ ရပ်ရွာလုံခြုံရေးခေါင်းစဉ်ဖြင့် ပြည်သူများကင်းစောင့်သည့်စနစ်ကို ဖေဖော်ဝါရီ ဒုတိပတ်မှစတင်ကာ အကောင်အထည်ဖော်နေသည်ဟု ဒေသခံများနှင့် အုပ်ချုပ်ရေးမှူးများက ပြောသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးရှိ အင်ပင်၊ ရေနီလေး၊ ရေကျော်၊ ရသေ့တောင်၊ ရွာမ၊ အင်းသာ၊ ပတ္တာ၊ ညောင်ဘိုရွာတို့ အပါအဝင် ရွာ ၂၀ ခန့်တွင် ကင်းစောင့်ရခြင်းဖြစ်သည်။

နေပြည်တော် မြို့နယ်ရှစ်ခုတွင် မြို့ပေါ်နေ ရပ်ကွက်များနှင့် ရွာများမပါဝင်သေးဘဲ ပဲခူးနယ်နိမိတ်နှင့် ထိစပ်နေသည့် ရွာအများစုတွင် ကင်းစောင့်နေကြရခြင်း ဖြစ်သည်။

ကင်းစောင့်ရသည့် စနစ်ကို စစ်တပ်မှ ညွှန်ကြားသည်၊ ရပ်ရွာ လုံခြုံရေးဟု ခေါင်းစဉ်တပ်ထားပြီး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို အသေးစိတ်မသိရပေ။ စစ်တပ်ညွှန်ကြားချက်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ကျေးရွာတွင်ရှိသည့် လူဦးရေမူပေါ်မူတည်၍ ကင်းအလှည့်ကျသည့် အကြိမ်ရေ မတူညီပေ၊ လူငှားပါက တစ်ညအတွက် ကျပ် ၃၀၀၀ မှ ၇၀၀၀ ပေးရသည်ဟု သိရသည်။

“တစ်ခါစောင့်ရင် လေးအိမ်၊ လူလေး၊ ငါးယောက်ပေါ့၊ ကိုယ့်အလှည့်ကျချိန် မစောင့်နိုင်ဘူး၊ ကိုယ့်ဘာသာ လူအငှားထည့်မယ်ဆိုရင် အဲလူနဲ့ပတ်သက်တဲ့ကိစ္စ ပြသနာတွေရှိရင် တာဝန်ခံရမယ်၊ ရာအိမ်မှူးကို ပိုက်ဆံပေးလိုက်ရင် ပြီးရောပေါ့၊ ရာအိမ်မှူးက တာဝန်ခံတယ်” ဟု လယ်ဝေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ကင်းစခန်းများကို ရွာများသို့ ဝင်ထွက်နိုင်သည့် အဝင်လမ်းနှင့် အထွက်လမ်းများတွင် ထရံကာ၊ သက်ကယ်မိုးဖြင့်တို့ဖြင့် တည်ဆောင်ထားသည်။ ကင်းတဲဆောက်ရန် အိမ်ထောင်စုလိုက် ကျပ် ၂၀၀၀ မှ ၅၀၀၀ ထိ ထည့်ဝင်ရသည်ဟု ဒေသခံတို့က ဆိုသည်။

“တစ်ညလုံးအိပ်လို့မရဘူး၊ လက်နက်ဘာညာတော့ ပေးထားတာ မရှိဘူး၊ အဲ့မှာ အသင့်အနေအထားပေါ့၊ တပ်က ကင်းလှည့်တာရှိတယ်” ဟု ကင်းစောင့်ဖူးသည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရပ်ရွာ လုံခြုံရေးကင်းတဲတစ်ခုတွင် ကင်းစောင့်သူ ငါးဦးထိရှိပြီး ရွာတစ်ရွာလျှင် ကင်းတဲနှစ်ခုထားရှိကြောင်း ဒေသခံတို့ကပြောသည်။ နေပြည်တော် မြို့နယ် ရှစ်မြို့နယ်စလုံးတွင် ရပ်ရွာလုံခြုံရေးမီးကင်းစောင့်ရသည့် စနစ်ကို အကောင်အထည်ဖော်မည်ဟု သိရှိထားပြီး လက်ရှိတွင် လယ်ဝေးမြို့နယ်၌ စတင်နေခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“နားလည်အောင်ပြောရတာပေါ့၊ မီးကင်းလုံခြုံရေး လုပ်ပေးပါ၊ ရပ်ရွာထဲမှာ ဒီလိုမရှိတော့ ဆိုင်တွေကို ဝင်ခိုးသွားတာတွေ လူစိမ်းတွေ ဖြတ်ပြီး ဆိုင်ကယ်တွေ ပါသွားတာ၊ ခုက အပျောက်အရှလည်း မရှိဘူးဆိုတော့ ပြည်သူတွေကလည်း ကျေနပ်ပါတယ်” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ပြောသည်။

နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် တောင်ပေါ်နယ်စပ်ဒေသများတွင်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းမှစ၍ စစ်စခန်းတချို့ တိုးချဲ့ချထားသည်။

နေပြည်တော်မှ ၁ နာရီသာ ဝေးသည့် ပဲခူးတိုင်း သာဂရမြို့နှင့် မကွေးတိုင်း ကိုးပင်ရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၆၊ ၁၇ နှစ်ရက်ဆက်တိုင် NUG လက်အောက်ခံ PDF များက လမ်းသွားလမ်းလာများကို စစ်ဆေးမှုများလည်း ရှိခဲ့သည်။

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများ မကြာခဏ ကြုံတွေ့နေရသည့် အမြန်လမ်း မိုင်တိုင် ၁၈၁ တွင်လည်း ပဲခူးမှ နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် မြေနီဖြတ်လမ်း ကျေးလက်လမ်းတချို့ကိုလည်း မတ်လ ၁၅ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ဖျက်စီးခဲ့သည်။

နေပြည်တော် ရှစ်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် နေပြည်တော် ဝင်ပေါက်ထွက်ပေါက်မဟုတ်သည့် ရွာများ၌ ရပ်ရွာလုံခြုံရေးကို စတင်အကောင်ထည်ဖော်ခြင်း မရှိသေးပေ။

နေပြည်တော်တွင် ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ရှစ်ခုရှိကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သန်းကျော်ရှိသည်။

Show More

Related Articles

Back to top button