သတင်း

နေပြည်တော်ဝင်နိုင်သည့် ပဲခူးတိုင်းကျေးလက်လမ်းတချို့ ဖျက်ဆီးခံရ

ပဲခူးမှ နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် အမြန်လမ်း မိုင် ၁၈၁ မြေနီဖြတ်လမ်းများကို မြေတူးစက်ဖြင့် ဖြတ်တောက်လိုက်သည်။

ပဲခူးမှ နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် ၁၈၁ မြေနီဖြတ်လမ်းများကို စစ်ကောင်စီလက်အောက်ခံ ကျေးလက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မြေတူးစက် ဘတ်ဟိုးများဖြင့် ယနေ့ (မတ်လ ၁၅ ရက်) နံနက်ပိုင်းတွင် ဖျက်ဆီးဖြတ်တောက်ခဲ့သည်ဟု သိရသည်။

ဖြတ်တောက်ခံခဲ့ရသည့် မိုင်တိုင် ၁၈၁ လမ်းပိုင်းသည် တော်လှန်ရေးအဖွဲ့များ အားကောင်းနေသည့် မြို့လှ၊ ရေနီ၊ ရေတာရှည်၊ ဆွာ၊ သာဂရတို့နှင့် နယ်မြေချင်း ထိစပ်နေသည့် နေရာဖြစ်သည်။

လမ်းပိုင်းနေရာနှစ်ခုတွင် ဘတ်ဟိုးမြေတူးစက် အသေးဖြင့် ၃ ပေခန့် တူးထားကြသည်။ 

ရေနီသစ်တောကြိုးဝိုင်းနှင့် ဇရစ်စမ်းကျေးရွာတို့ တည်ရှိသည့် ယင်းလမ်းပိုင်းကို ရုတ်တရက် ဖြတ်တောက်လိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ် ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင်မူ ဖြတ်တောက်ရသည့် အကြောင်းရင်းမှာ သစ်ခိုးထုတ်မှု ကာကွယ်နိုင်ရန် ဖြစ်သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြနေကြသည်။

ဒေသခံများ၏ အဆိုအရ နယ်မြေအေးချမ်းမှုမရှိခြင်း၊ စစ်တပ် စစ်ကြောင်းထိုးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များက သစ်ကားများကို ဖမ်းဆီးခြင်းကြောင့် သစ်ထိုးထုတ်မှု ရပ်ဆိုင်းထားသည်မှာ ကာလကြာပြီဖြစ်ကြောင်း သိရသည်။

“ရွာနားနီးစပ်က လှည်းနဲ့ သယ်တာလောက်ပဲ ရှိတော့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လမ်းပိုင်းကို ဖြတ်တောက်ရခြင်းမှာ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းတွင် အားကောင်းနေသည့် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်နိုင်သည့်ရန်ကို ကာကွယ်ရန် ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“သစ်ခိုးထုတ်တာကို အကြောင်းပြပြီး ဖျက်တာပါ။ ပဲခူးဘက်က အဖွဲ့တွေ ဝင်လာမှာ ကြောက်လို့” ဟု ဆိုသည်။ လမ်းများအားလုံး နေပြည်တော်သို့ဟု တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်း နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများတွင် လုံခြုံရေးများ တင်းကျပ်ထားသည်။

အာဏာမသိမ်းမီက ယင်းလမ်းပိုင်းတွင် သစ်ကားများကို ညပိုင်းတွင် မောင်းတံဂိတ်ထိုးပြီး ပိုက်ဆံတောင်းခံလေ့ရှိသည်။ အုပ်ချုပ်ရေးထံ ခွင့်ပြုချက်မတောင်းဘဲ မောင်းပါက အမြန်လမ်းပေါ်ရောက်လျှင် ရဲတပ်ဖွဲ့များက ဖမ်းဆီးခြင်းကို ခံရကြောင်း ယင်းလမ်းပိုင်းတွင် သစ်ကားမောင်နှင်ဖူးသူ အမျိုးသားတစ်ဦးက ပြောသည်။

“နေ့ဘက်မှာ အုပ်ချုပ်ရေးအဖွဲ့တွေ မနေရဲဘူး၊ ညကျမှ အုပ်ချုပ်ရေးမှူးတွေက သစ်ကားတွေဆီက ငွေတောင်းပြီး၊ ပြီးမှ ရဲတွေနဲ့ ပြန်ခွဲယူကြတာ” ဟု ဆိုသည်။

နေပြည်တော်မှ ၁ နာရီသာ ဝေးသည့် ပဲခူးတိုင်း သာဂရမြို့နှင့် မကွေးတိုင်း ကိုးပင်ရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင်လည်း ပြီးခဲ့သည့်နှစ် ဓီဇင်ဘာ ၁၆၊ ၁၇ နှစ်ရက်ဆက်တိုင် NUG လက်အောက်ခံ PDF များက လမ်းသွားလမ်းလာများကို စစ်ဆေးမှုများလည်း ရှိခဲ့သည်။

စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များ မြို့ပေါ်သို့ ရောက်ရှိနိုင်သည့် လမ်းပိုင်းများနှင့် တံတားများကို ဖျက်ဆီးလေ့ရှိပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် ရေတာရှည်နှင့် ဆွာမြို့များမှ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းသို့ ဆက်သွယ်ထားသည့် သစ်သားတံတား ၂ စင်းကို ဖျက်ဆီးခဲ့သည်။

အလားတူ မွန်ပြည်နယ်အတွင်းရှိ ရွာချင်းဆက်လမ်းများနှင့် ကရင်ပြည်နယ်အတွင်း လမ်းပိုင်းတချို့ ဖျက်ဆီးခံခဲ့ရသည်။

ထိုအထဲတွင် စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ၏ တပ်မဟာ ၁ နှင့် ၆ နယ်မြေတို့ရှိ ကားလမ်းများကို  ပြီးခဲ့သည့်နှစ် မေလအတွင်း စက်ယန္တရားများကို အသုံးပြုကာ ဖျက်ဆီးခဲ့မှုလည်း ပါဝင်သည်။

Show More

Related Articles

Back to top button