သတင်း

ဖားကန့်ရှိ ကသိုဏ်းတောင်စခန်းကို KIA နှင့် ပူးပေါင်းတပ်များ သိမ်း

ဖားကန့်မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ငွေတောင်းကြမ်းသည့်၊ အင်အား ၄၀ ခန့်ရှိသည့် ကသိုဏ်းတောင်စခန်းကို KIA သိမ်းလိုက်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့အနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ကသိုဏ်းတောင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့က ယမန်နေ့ (မတ်လ ၁၁ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့အနောက်ဘက် ၆ မိုင်ခန့်အကွာ၊ ဖားကန့်-ဆယ်ဇင်းလမ်းကြောင်းပေါ်ရှိစခန်းကို တိုက်ပွဲဖြစ်ပြီး မိနစ် ၃၀ ခန့်အကြာတွင် သိမ်းနိုင်ခဲ့သည်ဟု ဖားကန့်-KPDF အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ဒီဘက်က လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့သွားချတယ်၊ မြေပြင်ကတောင် သိပ်မတိုက်ရသေးဘူး၊ ပြေးသွားကြတာ။ ပြီးတာနဲ့ စခန်းကို ဝင်ရှင်းတယ်။ လက်နက်တွေတော့ ရတယ်၊ အတိအကျမသိရသေးဘူး” ဟု ပြောသည်။

အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသည့် ထိုစခန်းကုန်းမှ စွန့်ခွာသွားသူများမှာ ဖားကန့်မြို့အထွက် နမ့်မှော်ရွာအနီးရှိ “တန် ၃၀၀၀” စခန်းသို့ ပူးပေါင်းသွားဖွယ်ရှိသည်ဟု ဖားကန့်-KPDF အဖွဲ့က ခန့်မှန်းထားသည်။

ထိုစခန်းကို ယမန်နှစ် ဩဂုတ်လတွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုနေရာမှ ပြန်ဆုတ်ခဲ့ရသည်ဟု သိရသည်။

အဆိုပါ စခန်းရှေ့တွင် စစ်တပ်က စစ်ဆေးရေးဂိတ်တစ်ခုဖွင့်ကာ ဖားကန့်မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခဲ့သည်၊ ခရီးသည်များ၊ ယာဉ်မောင်းများထံမှ ငွေကြေးခြိမ်းခြောက်တောင်းခံလေ့ရှိသည့်ဟု ဖားကန့်ဒေသခံတချို့က ပြောသည်။

မတ် ၉ ရက်ကလည်း ဖားကန့်မြို့နှင့် ၁၈ မိုင်ခန့်အကွာတွင် တာမခန်ရွာရှိ  ခမရ (၁၁၉) စခန်းမှ စစ်ကောင်စီလက်နက်ကိုင်တို့ စခန်းကို စွန့်ခွာသွားပြီးနောက် အဆိုပါ စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

တာမခန်စခန်းမှ စွန့်ခွာလာသည့် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို ဖားကန့်မြို့အဝင်တွင် KIA ပူးပေါင်းတပ်က မတ် ၉ တွင် နှစ်ရက်ဆက် ကြားဖြတ် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က အဆိုပါ စစ်ကြောင်းကို အရပ်ဘက်သုံး ကား ၅ စီးဖြင့် သွားရောက်ကြိုဆိုရာ ပူးပေါင်းတပ်က တိုက်သဖြင့် ကားတစ်စီး ပျက်စီးခဲ့သည်။

အထက်ပါ ဖားကန့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်အထိနာသွားသည်ဟု KPDF အဖွဲ့က အတည်ပြုသော်လည်း အသေးစိတ်မသိရသေးပေ။

“တချို့တွေက အလောင်းမရတာတွေရှိတယ်၊ ပြန့်ကျဲပြီး ကစဉ့်ကလျားဖြစ်ကုန်တာပေါ့၊ အရှင်ဖမ်းမိတာတွေလည်းရှိတယ်၊ သူတို့ကိုတော့ စစ်မေးတာတွေ ဆက်လုပ်နေတယ်” ဟု ဖားကန့် KPDF တာဝန်ခံက ပြောသည်။

ယမန်နေ့နံနက်က ဖားကန့်မြို့ ဆိုင်းတောင်ရွာရှိ ရဲကင်းစခန်းကိုလည်း ပူးပေါင်းတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် သွားရောက်တိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။

တိုက်ပွဲများကြောင့် ဖားကန့်မြို့အနောက်ဘက်ရှိ ဆိပ်မူကျေးရွာ၊ နမ့်မှော်ကျေးရွာ၊ ဆိုင်းအောင်ကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာများသို့ စစ်ရှောင်နေကြရသည်ဟု ဖားကန့်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးရပ်တန့်နေသည့်အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် KIA နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

မတ် ၇ ရက်မှစတင်ကာ ကချင်ပြည်နယ်တွင်းရှိ မိုးမောက်၊ ဝိုင်းမော်၊ ဖားကန့်၊ ဆွမ်ပရာဘွမ်နှင့် ပူတာအိုမြို့တို့တွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး ၄ ရက်အတွင်း စစ်ကောင်စီတပ်စခန်းကြီးငယ်ပေါင်း ၂၀ ကျော်ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button