ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဒေါ့ဖုန်းယန်မြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (၁၄၂) စခန်းကို မတ် ၇ ရက် နံနက်မှ စတင်ကာ KIA နှင့် မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲစပြီး ၂၄ နာရီခန့်အကြာ ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က လက်နက်ချခဲ့သည့်အတွက် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
မတ် ၇ ရက် နံနက်အစောပိုင်းမှစတင်ကာ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီစခန်းပေါင်းများစွာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) များက တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ရာတွင် ဒေါ့ဖုန်းယန်မြို့အခြေစိုက် ခလရ (၁၄၂) စခန်း ပါဝင်သည်။
KIA ဌာနချုပ် လိုင်ဇာမြို့၏ အနောက်တောင်ဘက် ၁၉ မိုင်ခန့်အကွာ၊ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်တွင်ရှိသည့် အဆိုပါ ခလရ (၁၄၂) စခန်းတွင် ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။
ယနေ့နံနက် အစောပိုင်းမှစတင်ကာ ခလရ (၁၄၂) စခန်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စခန်းတစ်ခုလုံး ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီတပ်က နံနက် ၁၁ နာရီခန့်တွင် အလံဖြူထောင်ကာ လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု ဒေါ့ဖုန်းယန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် အဆိုပါ စခန်းကို KIA ပူးပေါင်းတပ်များက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စခန်းတွင်းရှိ လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို မွန်းလွဲ ၃ နာရီခန့်တွင် အရပ်ဘက်ကားနှင့် ဆိုင်ကယ်များ အသုံးပြုပြီး ဘေးလွတ်ရာသို့ ကူညီ သယ်ထုတ်ပေးခဲ့ရသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
“လက်နက်ချလိုက်ပြီ အဲဒီစခန်းက တပ်သား၊ မိသားစုအားလုံး ခေါ်ထားလိုက်ပြီ၊ အားလုံး လုံခြုံစိတ်ချရတဲ့ နေရာကို ခေါ်ထားလိုက်ပြီ။ တောစပ်နားမှာပဲ သွားပို့လိုက်ကြတာ ဘယ်နေရာကိုတော့ အတိအကျမသိဘူး။ ကားရှိတဲ့သူတွေနဲ့ ဆိုင်ကယ်ရှိတဲ့လူတွေက သွားပြန်ခေါ်ပေးကြတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ခလရ (၁၄၂) စခန်း လက်နက်ချသည့်သတင်းနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။
“ပြောတော့ ပြောကြတယ် ဒါပေမဲ့ အသေးစိတ် ဘာမှ မကြားသိရသေးဘူး။ ညနေပိုင်းကတော့ လေယာဉ်က မလာပါဘူး၊ မနက်က လာတာက နောက်ဆုံးဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဒေါ့ဖုန်းယန်မြို့တွင်း ကျန်ရှိနေသည့် အရပ်သားများမှာ အဆိုပါ စခန်းလက်နက်ချပြီးနောက် လေကြောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် တောတောင်များအတွင်း တိမ်းရှောင်နေကြရသည်ဟု သိရသည်။
မြို့ပေါ်တွင် နေထိုင်သည့် ဒေသခံ ၆၀၀ ကျော်မှာ ဒေါ့ဖုန်းယန်မြို့အနီး တောတောင်များအတွင်းရှိ နေရာ ၅ ခုခန့်တွင် ဖြစ်သလို နေထိုင်နေကြရသည်ဟု သိရသည်။
“အခု (စခန်း) သိမ်းပြီးတော့ ထပ်ထွက်တာ၊ လေယာဉ်က ဆက်တိုက်လာကြဲမှာကို စိုးရိမ်လို့ ထွက်ကြတာ၊ လေယာဉ်က မနေ့ကလည်း တစ်နေကုန်ပဲ၊ ဒီနေ့လည်း လာတယ်။ တောထဲမှာ စားရေးသောက်ရေးလည်း ခက်ခဲတယ်၊ တောထဲမှာလည်း လေယာဉ်လာရင်လည်း ကြောက်ရတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းအထိ လေကြောင်းမှ သုံးကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် စခန်းကုန်းအနီးနှင့် လယ်ကွင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ပေါ်မှာ ဗုံးကြဲခံရခြင်းမရှိသေးဟု သိရသည်။
ဒေါ့ဖုန်းယန်မြို့သည့် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၏ မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၁၀ စုတွင် လူဦးရေ စုစုပေါင်း ၁၁၀၀၀ ကျော် နေထိုင်သည်ဟု သိရသည်။
မတ် ၇ ရက် နံနက်က စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်မှာ ၂ ရက်အတွင်း စစ်ကောင်စီစခန်းကြီး ၃ ခုနှင့် စခန်းငယ် ၁၀ ခုတို့ကို သိမ်းပိုက်ထားနိုင်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါ စခန်းများမှာ KIA ဌာနချုပ် လိုင်ဇာနှင့် အနီးဆုံးနေရာများတွင်ရှိသော ဖွန်ပျဲန်တောင်စခန်း (Hpun Pyen Bum)၊ အင်တပ်တောင်စခန်း (Ntap Bum)၊ မလိစခန်း စသည့် စခန်းကြီး ၃ ခုနှင့် အခြားစခန်းငယ် ၁၀ ခုတို့ ဖြစ်သည်။
စခန်းအများအပြား သိမ်းပိုက်ခံရသည့် စစ်ကောင်စီတပ်က လေကြောင်းမှ လက်တုံ့ပြန်နေသလို ယနေ့နံနက် အစောပိုင်းတွင် တရုတ်နယ်စပ်အနီးရှိ KIA ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်အချို့ တရုတ်နိုင်ငံတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ယနေ့မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ်၏ ဗျူဟာမြောက်စခန်းကုန်းများဖြစ်သည့် ခါရာတောင်စခန်းနှင့် ဘွမ်ရယ်တောင်စခန်းတို့ကို ဆက်လက်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အပြင်းအထန်တုံ့ပြန်နေသည်ဟု သိရသည်။