သတင်း

ဖားကန့်မြို့နယ် တာမခန်ရွာတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ရွာကို မီးရှို့

KIA၊ KPDF နှင့် တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ကျေးရွာကို စစ်တပ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၃) က ရွာကို မီးရှို့လိုက်သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ KIA၊ KPDF နှင့် စစ်တပ်တို့အကြား တိုက်ပွဲများပြင်းထန်နေရာ စစ်တပ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၃) က ရွာကို မီးရှို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့၏ အနောက်ဘက် ၁၈ မိုင်ခန့်အကွာ တာမခန်တိုက်နယ်ရွာရှိ ရဲစခန်းနှင့် ရွာ၏ တောင်ဘက် ကပ်လျက်တွင် ရှိနေသည့် ခမရ (၁၁၉) တပ်ရင်း တပ်ထိုင်ထားသည့် စစ်တပ်ကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၄ နာရီခွဲခန့်တွင် တစ်ပြိုင်နက် စတင်တိုက်ခိုက်ခဲ့သည်။

တိုက်စတင်ပွဲဖြစ်ပွားပြီး နောက်နေ့နံနက် အစောပိုင်းတွင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၁၉) တပ်ရင်း တပ်ထိုင်ထားသည့် စခန်းကုန်းကို ယနေ့အထိ မသိမ်းပိုက်နိုင်သေးသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

သီတင်း ၁ ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေပြီး မတ် ၃ ရက် နံနက်တွင် ဖားကန့်မြို့မှ အင်အား ၆၀ ခန့်ပါသည့် စစ်ကူစစ်ကြောင်းမှာ တာမခန်ရွာတွင်းသို့ ဝင်ရောက်လာသည့်အတွက် တာမခန်ရွာအတွင်း တိုက်ပွဲများပြင်းထန်နေသည်။

ကျောက်စိမ်းထွက်သည့် ကချင်ပြည်နယ် ဖားကန့်မြို့ကို ၂၀၁၆ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

အဆိုပါ စစ်ကြောင်းမှာ ခမရ (၁၁၉) စခန်းကုန်းကို သွားရောက် မပူးပေါင်းနိုင်သေးဘဲ ရွာတွင်း၌သာ ရှိနေသေးပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီ စခန်းကုန်းကလည်း ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်ဟု ဖားကန့် KPDF တာဝန်ခံက ပြောသည်။

“သူတို့စခန်းကုန်းထဲကို ပေါင်းဖို့ ကြိုးစားနေတာ၊ ကျွန်တော်တို့က ပိတ်ဆို့တိုက်ခိုက်ထားတော့ မပေါင်းနိုင်သေးဘဲ ဖြစ်နေတာ။ သူတို့ဘက်က လူနာများတယ်၊ အကျလည်း များတယ်။ မြေပြင်မှာ သူတို့နဲ့ ကျွန်တော်တို့ အခုအထိ ပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပဲ” ဟု ဖားကန့် KPDF တာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်ကူစစ်ကြောင်းမှာ အထိနာနေသလို လေကြောင်းတိုက်ခိုက်မှုကြောင့် ပူးပေါင်းတပ်များဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိနေသည်ဟု သိရသော်လည်း အသေးစိတ်ကိုတော့ မသိရသေးပေ။

တာမခန်ရွာကို စစ်ကောင်စီစစ်ကြောင်းက မတ်လ ၃ ရက် နံနက်မှစတင်ကာ မီးရှို့နေခြင်းဖြစ်သော်လည်း ရွာလမ်းကြီး၏ မြောက်ဘက်ရှိ အိမ်ခြေအများစု မီးလောင်ပျက်စီးသွားသည်ဟု KPDF အဖွဲ့ထံမှ သိရသည်။

“ဒီနေ့ (မတ်လ ၄ ရက်) မနက် တာမခန်ထဲမှာ သူတို့က ဘုန်းကြီးကျောင်းနား နေပြီး တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ လေကြောင်းက ဗုံးလာကြဲတော့ ဘုန်းကြီးကျောင်းက မီးလောင်သွားတာပေါ့၊ အဲဒါပြီးတော့ သူတို့ ဆက်ရှို့နေတာ တောက်လျှောက်လောင်နေတော့တာပဲ တစ်နေကုန်ပဲ အခုချိန်ထိလည်း လောင်နေတုန်းပဲ” ဟု KPDF တာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်မှစတင်ကာ ဒေသခံများအားလုံးနီးပါး ဟောင်ပါး၊ ဆိုင်းတောင်နှင့် အခြားနီးစပ်ရာ ရွာများသို့ တိမ်းရှောင်သွားကြပြီး ရွာတွင်း၌ အိမ်စောင့်အဖြစ် ကျန်ရစ်သူ အနည်းငယ်သာ ရှိတော့သည်ဟု ဒေသခံတချို့က ပြောသည်။

မီးလောင်မှုကို ငြှိမ်းသတ်ရန်နှင့် မြို့တွင်း၌ ကျန်ရှိနေသည့် ဒေသခံများကို ကယ်ထုတ်ရန် တာမခန်ရွာကြက်ခြေနီအဖွဲ့က ကြိုးစားသော်လည်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် ရွာတွင်းသို့ မဝင်နိုင်သေးကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ (စစ်တပ်) က ဝင်ခွင့်မပြုဘူးလို့ ပြောတယ်၊ ကျွန်မတို့မိတ်ဆွေတွေကလည်း မဝင်သေးနဲ့ဦး အန္တရာယ်များတယ်ဆိုတာနဲ့ မဝင်ရသေးဘူး။ ကျွန်မတို့က လူတွေကို သွားကြိုချင်တာလေ၊ ရွာထဲမှာ အိမ်စောင့်တွေ ကျန်နေသေးတယ်” ဟု အဆိုပါ တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ အခြေစိုက် အမှတ် (၁၂၃) ခြေလျင်တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဇန်နဝါရီ ၂၄ ရက်တွင် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

တာမခန်ရွာတွင် အိမ်ခြေ ၂၀၀၀ မှ ၃၀၀၀ ကြားရှိနိုင်ပြီး မီးလောင်မှုကြောင့် ဘုန်ကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ ခန့် မီးလောင်ပြာကျနိုင်သည်ဟု အဆိုပါ ကြက်ခြေနီအဖွဲ့က တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။

ရွာတွင်းမှ တိမ်းရှောင်လာသူများသည် ဟောင်ပါးရွာရှိ နန်းလိုင်းဆိုင်ဘုန်းကြီးကျောင်းတွင် ၁၅၀၀ ခန့်၊ နန့်သာကုန်းရွာတွင် ၇၀၀ ခန့်၊ ရွှေတောင်ကျော်ရွာတွင် ၁၀၀၀ ကျော်ခန့်၊ ကွင်းဟဲရွာတွင် ၄၀၀ နီးပါးခန့် ရောက်ရှိနေကြပြီး အချို့စစ်ရှောင်များမှာ ဖားကန့်၊ မိုးညှင်း စသည့်မြို့များအထိ တိမ်းရှောင်ကြရသည်ဟု သိရသည်။

မတ်လ ၄ ရက် ည ၇ နာရီခန့်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ခမရ (၁၁၉) စခန်းကုန်းကလည်း လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသည်ဟု ဖားကန့် KPDF အဖွဲ့က ဆိုသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးရပ်တန့်နေသည့်အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် KIA နှင့် ပူးပေါင်းတပ်များက စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ စတင် ဆင်နွှဲခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ကို KIA ဦးဆောင်သည့်တပ်များက ဇန်နဝါရီ ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သလို မံဝိန်းကြီးရွာရှိ ရဲစခန်းနှင့် စစ်တပ်စခန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ်၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင်ရှိသည့် ဆင်ဘိုမြို့ကိုလည်း KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး မြို့အနီးရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (၁၄၁) ကို ဆက်လက်တိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button