
တနင်္သာရီတိုင်း ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါမောက္ခချုပ်နှင့် ဌာနမှူးတချို့ကို ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေသည်ဟု ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော ဗထူးတပ်မတော် (BHA) က ပြောသည်။
“သူတို့နဲ့ ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်နေတဲ့ အချိန်ပဲရှိသေးတယ်။ အပြစ်မရှိတဲ့သူကိုကျတော့ အပြစ်ပေးအရေးယူလို့မရဘူး။ စစ်ဆေးချက်များအရပဲ သေချာစိစစ်ပြီး ဆောင်ရွက်သွားဖို့ပဲ ရှိမယ်” ဟု BHA ၏ သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ရဲဘော်ထက်မြက်က ပြောသည်။
BHA က ဒုပါမောက္ခချုပ်ဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါက်တာကျော်အောင်၊ အသက် ၄၅ နှစ်အရွယ် အင်္ဂလိပ်စာဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်၊ အသက်၄၃ နှစ်အရွယ် မြို့ပြအင်ဂျင်နီယာ ဌာနမှူး ပါမောက္ခ ဒေါက်တာ ဒေါ်နန္ဒာလွင်တို့ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖမ်းခေါ်သွားခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထားဝယ်နည်းပညာတက္ကသိုလ်အနီးရှိ ဘုရားမဲဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း BHA က တက္ကသိုလ်ကျောင်းအတွင်း ဝင်ရောက်ပြီး ဒုပါမောက္ခနှင့် ဌာနမှူးများကို ဖမ်းလိုက်ခြင်းဖြစ်သည်။ ထိုနေ့က နေ့တွင်းချင်း ထုတ်ပြန်သည့် BHA ၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်လည်း “စစ်ကျွန်ပညာရေးစနစ်ကို” အသက်သွင်းနေသူ ၃ ဦးကို ဖမ်းဆီးလာကြောင်း အမည်၊ ရာထူးများနှင့်တကွ ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဖေဖော်ဝါရီလ ၂၉ ရက်ထုတ် သတင်းစာများတွင်လည်း ထို ၃ ဦးအဖမ်းခံရကြောင်း၊ ဆရာ၊ ဆရာမများကို အကာအကွယ်ယူ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
BHA ကမူ စစ်ကောင်စီက မှားယွင်း စွပ်စွဲ ရေးသားထားခြင်းသာ ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
“သူတို့အတွက် လုံခြုံရေး ကျန်းမာရေးကအစ အကုန်လုံးအတွက် တာဝန်ယူပြီး ထိန်းသိမ်းလာတယ်။ လက်ဖျားနဲ့တောင် မထိဘူးဗျ။ ရှင်းရှင်းပြောရရင် စစ်ဆေးတဲ့နေရာမှာ စကားတောင် ကြမ်းကြမ်း မပြောဘူး” ဟု BHA ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒီမိုကရေစီ လှုပ်ရှားမှု သပိတ်ကော်မတီ – ထားဝယ်ခရိုင် (DDMSC) ကမူ အဖမ်းခံထားရသူ ၃ ဦးသည် ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုနှင့် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ခြင်း မရှိပါက ချက်ချင်းပြန်လွှတ်ပေးသင့်ကြောင်း နောက်တစ်နေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။
DDMSC က စုံစမ်းချက်အရ ထို ၃ ဦးသည် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ လူထုအာဏာဖီဆန်ရေး (CDM) တွင် ပါဝင်သည့် ဝန်ထမ်းနှင့် ကျောင်းသားများအပါအဝင် ပြည်သူများကို ဖိအားပေး ခြိမ်းခြောက်ခြင်းမရှိဟု ဆိုသည်။
DDMSC ၏ လူထုစည်းရုံးရေးတာဝန်ခံ ကိုမင်းလွင်ဦးက အဖမ်းခံထားရသည့် ဆရာမ ၂ ဦးအနက် တစ်ဦးသည် စစ်တပ်အာဏာသိမ်းပြီးနောက် စတင်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး အဆင်မပြေမှု တစ်ခုခုကြောင့် လုပ်ငန်းခွင်သို့ ပြန်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
“အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုတာက လူတစ်ယောက်ကို အတင်းအကျပ် ခိုင်းစေလို့မရဘူး။ သူတို့နိုင်တဲ့ နည်းနာနဲ့ ပါဝင်နိုင်ဖို့ ကျွန်တော်တို့က စည်းရုံးသိမ်းသွင်းဖို့ လိုတယ်” ဟု ကိုမင်းလွင်ဦးက မှတ်ချက်ပေးသည်။
BHA သည် ယခင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ကြောင်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ NUG လက်အောက်မှ ခွဲထွက်ထားသည်။
အဆိုပါအဖွဲ့တွင် လူ ၇ ဦးကို သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေသော လောင်းလုံးပကဖ ဒုတာဝန်ခံ မမကြီး၊ လောင်းလုံးပကဖ တာဝန်ခံ နဂါးမင်း(ခေါ်)နုတ်ခမ်းမွှေးတို့လည်း ပါဝင်နေကြသည်။