သတင်း

မတ္တရာတွင် စစ်တပ်က အရပ်သား ၂နှစ်ဦးကိုသတ်၊ နေအိမ် ၁၀ လုံးကိုမီးရှို့

မန္တလေးတိုင်း မတ္တရာမြို့ပေါ် ရေနံ့သာရဲစခန်းမှ ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါသည့် စစ်တပ်သည် ယမန်နေ့(ဖေဖော်ဝါရီ၂၇)နံနက်ပိုင်းက မြို့ဒင်၊သဲဖြူချောင်း၊မြစ်ကမ်းနှင့် ဆင်ရွာ အစရှိသည့် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ဝင်ရောက်လာပြီး ဒေသခံ၂ဦးကို သတ်ဖြတ်ကာ နေအိမ်(၁၀)လုံးကို မီးရှို့ဖျက်စီးသွားသည်ဟု မတ္တရာမြို့အခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။

သတ်ဖြတ်ခံရသူနှစ်ဦးသည် မြို့ဒင်ကျေးရွာမှ အသက်၅၈နှစ်အရွယ် ဦးလှထွန်းနှင့် သဲဖြူချောင်းရွာမှ အသက်၃၈နှစ်အရွယ် ကိုဝင်းမင်းထွန်းတို့ဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။

၎င်းတို့သည် ကျေးရွာများအတွင်းရှိနေစဉ် စစ်တပ်က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ထို့နောက်ရုပ်အလောင်းများကို  ဆင်ရွာ၏အနောက်ဖက် လယ်ကွင်းပြင်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံအမျိုးသားကပြောသည်။

“လမ်းပြဓါးစာခံသဘော ခေါ်သွားတာလို့ ယူဆရတယ်။သူတို့က ပြည်သူတွေပါ။ ဦးခေါင်းတွေကို ပစ်သတ်ခဲ့တာ” ၎င်းကဆိုသည်။

ထို့အပြင် ယင်းစစ်ကြောင်းမှာ ဆင်ရွာမှ နေအိမ်၂လုံး၊မြစ်ကမ်းရွာမှ နေအိမ်၈လုံးတို့ကို မီးရှို့ဖျက်စီးခဲ့ပြီး ၊ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သည့် အိမ်များမှ ဆိုင်ကယ်၊မီးစက်နှင့် တန်ဖိုးကြီး ပစ္စည်းအချို့ကိုလည်း ကားများဖြင့် သယ်ထုတ်သွားသည်ဟု ဒေသခံကဆိုသည်။

စစ်ကောင်စီသည် ယခုဖေဖော်ဝါရီလကုန်ပိုင်း၌ မတ္တရာမြို့အရှေ့ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ထိုစစ်ကြောင်းအား မတ္တရာတော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်မှုများလည်းရှိသည်။

မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် အထိနာသည့်စစ်တပ်က ယင်းသို့ပြည်သူများကို ရန်ပြုသတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်တောက်က Myanmar Nowကိုပြောသည်။

“ဒီရက်ပိုင်း မိုင်းဆွဲတိုက်ခိုက်မှုတွေတော့ရှိတယ်ခင်ဗျ။ ကျွန်တော်တို့အနေနဲ့ တိုက်ခိုက်မှုတွေကို လုံခြုံရေးအရ မထုတ်ပြန်သေးတာနားလည်ပေးပါ။ အဲဒီတော့ စစ်ကောင်စီဘက်က အထိနာလို့ ဖမ်းမိတဲ့ပြည်သူ၂ဦးကို သတ်ဖြတ်တယ်လို့ထင်တယ်။ပြည်သူနှစ်ဦးရဲ့အလောင်းကိုတော့ သေချာစွာသဂြိုဟ်ပေးခဲ့ပါတယ်”ဟု ဗိုလ်တောက်က ဆိုသည်။“အရင်ကတော့ အဲဒီကျေးရွာတွေဘက် စစ်ကြောင်းထိုးဝင်ရောက်တာ အနည်းငယ်ရှိပေမယ့် အခုအနေနဲ့ကတော့ တောက်လျှောက်ကိုစစ်ကြောင်းထိုးနေပါတယ်။မနေ့ကတော့ အဲဒီလို ဝင်ရောက်သတ်ဖြတ်အပြီး ညနေ၄နာရီမှာ သူတို့အထိုင်ရေနံသာကို တပ်ပြန်ဆုတ်သွားတယ်”ဟု ၎င်းကဆိုသည်။

တပ်မ ၃၃ လက်အောက်ခံ စစ်သားများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ က မန္တလေးမြို့အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ -Myanmar Now)

အထက်ပါဖြစ်စဉ်များနှင့်ပတ်သတ်ပြီး ယမန်နေ့က စစ်တပ်ကျောထောက်နောက်ခံ ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများက မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းနေခြင်းဖြစ်ပြီး မြစ်ကမ်းကျေးရွာအတွင်း လူနေထိုင်ခြင်းမရှိသည့် အိမ်တစ်လုံးအတွင်းမှ လက်လုံးမိုင်း အလုံး၂၀သိမ်းဆည်းရမိခဲ့ကြောင်း၊ဆက်လက်ထွက်ခွာစဉ် တော်လှန်ရေးအဖွဲ့များ ထောင်ထားသည့် အဝေးထိန်းမိုင်း၂လုံးပေါက်ကွဲခဲ့သဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ဦးနှင့် စစ်သား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုင်းထောင်ဖောက်ခွဲထွက်ပြေးသွားသော အမျိုးသား ၁ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၉ နေ့ကလည်း မတ္တရာမြို့နယ်အရှေ့မြောက်ဘက် စကားပင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး အသက်၁၃နှစ်အရွယ်ကလေးတစ်ဦး၊၁၄နှစ်အရွယ်ကလေးနှစ်ဦး အပါအဝင် ၈ဦးကို သတ်ဖြတ်ခဲ့သည်။

ကလေးသုံးဦးသည် ထိုရွာမှကလေးများဖြစ်ပြီး စစ်တပ်ဝင်ရောက်စဉ်၌ ထွက်ပြေးကြစဉ် ရွာအပြင်အရောက် ကင်းပတ်နေသည့်စစ်ကားဖြင့်တိုးကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသူများအနက် ၃ ဦးသည် အရပ်သားများဖြစ်ပြီး ကျန်၅ဦးမှာ အသက်၂၀ ဝန်းကျင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ဒေသခံများကဆိုသည်။ထိုသူအားလုံးကို စစ်ကောင်စီက PDFများဟုစွပ်စွဲဖော်ပြထားပြီး လက်နက်ခဲယမ်းတချို့ရရှိခဲ့သည်ဟု ပုံနှင့်တကွထုတ်ပြန်ခဲ့ကြသည်။

Show More

Related Articles

Back to top button