သတင်း

မတ္တရာမှ စကားပင်ရွာကို စစ်တပ်ဝင်စီး၊ ကလေး ၃ ဦးအပါအဝင် လူငယ် ၈ ဦးကို သတ်ဖြတ်

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှ စကားပင်ရွာကို စစ်တပ်ဝင်စီးပြီး အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး၊ အသက် ၁၄ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ၈ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် စကားပင်ကျေးရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၉ နံနက်အရုဏ်တက်ချိန်တွင် ဝင်ရောက်စီးနင်းပြီး ဆယ်ကျော်သက်အရွယ် ကလေး ၃ ဦးအပါအဝင် လူငယ် ၈ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၁၃ နှစ်အရွယ် ၁ဦး၊ အသက် ၁၄ နှစ်အရွယ် ၂ ဦးနှင့် အသက် ၂၀ ဝန်းကျင် လူငယ် ၅ ဦး စုစုပေါင်း ၈ ဦးကို သတ်ဖြတ်သွားခြင်းဖြစ်သည်။ မတ္တရာမြို့နယ်၏ အရှေ့မြောက်ဘက်ခြမ်းရှိ ထိုရွာကို နံနက် ၄ နာရီခန့်တွင် စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ရုတ်တရက် ဝင်ရောက်လာပြီး ကလေးနှင့် လူငယ်များ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“အကုန်အိပ်မောကျနေချိန် ပစ်ခတ်ပြီး ဝင်လာကြတာ။ အဲဒီမှာ ဝရုန်းသုန်းကားထွက်ပြေးကြတဲ့ အချိန်မှာဖြစ်သွားတယ်။ ထွက်ပြေးကြတဲ့လမ်းမှာ ပစ်သတ်ခံရတာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ရွာကို ဝင်ရောက်စီးနင်းချိန်တွင် ရွာအနီးမှ နောက်ထပ်စစ်ကောင်စီ၏ စစ်ကြောင်းကလည်း  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်ဟု စစ်ရှောင်များကို ကူညီနေသည့်မတ္တရာမြို့နယ်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

သတ်ဖြတ်ခံရသူများထဲတွင် PDF တပ်ဖွဲ့ဝင်များပါဝင်သလို အရပ်သားများလည်းပါဝင်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက မတ္တရာမြို့နယ်အရှေ့မြောက်ပိုင်းရှိ မှော်နီကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှိ ကားကို စစ်ကောင်စီက ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

“၃ ဦးက ရွာက ကလေးတွေ။ ရွာကနေ ထွက်ပြေးချိန် ကင်းပတ်တဲ့ကားနဲ့ တိုးပြီး ပစ်သတ်ခံရတာ။ ကျန် ၅ ဦးကတော့ ရွာအနီးနေထိုင်နေတဲ့ တော်လှန်ရေးအဖွဲ့ဝင်လူငယ်လေးတွေလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်ချက်တွင် သေဆုံးသွားသူအားလုံးသည် PDF များဟု စွပ်စွဲထားပြီး ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းတချို့ရရှိခဲ့သည်ဟု ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

“အကုန်လုံးကို ရောပြီး PDF ဆိုပြီး ထုတ်ပြန်ထားတာ။ ရွာက ကလေး ၃ ဦးက အကြောင်းမဲ့ သတ်ဖြတ်ခံရတာ” ဟု မတ္တရာမြို့တွင် စစ်ဘေးရှောင်များကို ကူညီနေသည့် အထက်ပါ အမျိုးသမီးက ဆိုသည်။

သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများတွင် ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရသည့် ဒဏ်ရာများတွေ့ခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

နိုင်ငံအလယ်ပိုင်းမှ ယဉ်ကျေးမှုမြို့တော် မန္တလေးနှင့် ၁ နာရီခရီးအကွာအဝေးသာရှိသည့် မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းမှစတင်ကာ MDY-PDF ဟု လူသိများသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တအာင်းလွတ်မြောက်ရေးတပ် (TNLA) နှင့် မတ္တရာမြို့နယ် (ပကဖ) အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြားတိုက်ပွဲများ ပြင်းထန်ခဲ့သည်။

စစ်ကောင်စီက မတ္တရာအနောက်ခြမ်း မြစ်ကမ်းဘေးရှိ ကျေးရွာများကို အထိုင်ချ စီးနင်းမှုများ လုပ်ဆောင်နေပြီး၊ အရှေ့ပိုင်းတွင်လည်း လက်နက်ကြီးများပစ်ခတ်ကာ ကျေးရွာများကို ရုတ်တရက် ဝင်ရောက်စီးနင်းနေသည်ဟု ဒေသခံများကပြောသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကလည်း ပြောက်ကျားစနစ်ဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ ကင်းပတ်ကားများကို တိုက်ခိုက်လေ့ရှိသည်။ ဖေဖော်ဝါရီ ၁၈ နေ့က မတ္တရာအရှေ့ခြမ်း လက်ဝဲကြီးကျေးရွာ မြောက်ဘက်တွင် ကင်းပတ်လာသည့် စစ်ကားအား မတ္တရာတော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button