သတင်း

ကချင်ပြည်နယ် မံစီမြို့ရှိ စခန်းတစ်ခုကို ပူးပေါင်းတပ် သိမ်းပိုက်

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ စီခမ်းကြီးဗျူဟာစခန်းကို တိုက်ခိုက်နေရာ ၃ ရက်အကြာတွင် စစ်ကောင်စီတပ် ဆုတ်ခွာသွားသည်၊ နှစ်ဖက် ကျဆုံးမှုရှိသည်ဟု တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ စီခမ်းကြီးဗျူဟာစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက ၃ ရက်ကြာ တိုက်ခိုက်အပြီး ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက် ၁၁ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA), ရက္ခိုင်တပ်တော် (AA) နှင့် ကချင်ဒေသကာကွယ်ရေးတပ် (KPDF) တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့လှ-KPDF မှ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက ပြောသည်။

“ဟိုကောင်တွေ (စစ်တပ်) ကလည်း တအားပိတ်ထားပြီးတော့ ခုမနက် ၁၁ နာရီ ၁၂ နာရီလောက်ကျတော့ အားလုံးဆုတ်သွားလိုက်ပြီ၊ အခု အကုန်းလုံးသိမ်းပြီးလိုက်ပြီ” ဟု သူက ဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းမြောက်နယ်စပ်မျဉ်းအနီး မန္တလေး-မြစ်ကြီးနား လမ်းမကြီးပေါ်မှ ထိုစခန်းသည် မံစီမြို့၏ တောင်ဘက် ၃၄ မိုင်ခန့်နှင့် မဘိမ်းမြို့၏ မြောက်ဘက် ၄၈ မိုင် အကွာတွင်ရှိသည်။

တိုက်ပွဲအတွင်း  လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများ ရရှိထားသည်ဟု ဗိုလ်မိုးကြိုးက ပြောသည်။

“စစ်သုံ့ပန်းတွေလည်း ပထမရက်တွေကတည်းက ဖမ်းမိထားတယ်၊ သူတို့ဘက်ကလည်း တော်တော်လေး အထိအခိုက်များတယ်လေ၊ သုံ့ပန်းတွေလည်း ဖမ်းမိတယ်၊ အတိအကျ မသိရသေးဘူး” ဟု သူက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု သိရသည်။

စီခမ်းကြီးစခန်းတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၅) အပြင် အခြားပူးပေါင်းတပ်များလည်း ရှိနေသည်၊ ထိုအထဲတွင် မဘိမ်းမြို့မှ ဆုတ်ခွာခဲ့သည့် စစ်ကောင်စီတပ်သားများလည်း ပါဝင်သည်ဟု သိရသည်။

ဒေသတွင်း မဟာဗျူဟာကျသည့် အဆိုပါစခန်းတွင် စစ်ကောင်စီတပ်အင်အား ရာဂဏန်းအထိ ရှိခဲ့နိုင်သည်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗျူဟာအရက အရေးပါတာပေါ့၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ်နေရာက တပ်စခန်းလည်း ဖြစ်နေတယ်။ နောက် ဗန်းမော်မြို့ရဲ့ လုံခြုံရေးအတွက်လည်း မဟာဗျူဟာကျတဲ့ တပ်စခန်းဖြစ်ပါတယ်၊ စင်းခမ်းတံတားရဲ့ လုံခြုံရေးကအစပေါ့၊ အရေးကြီးတဲ့ တပ်စခန်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

AA ကလည်း ထိုစခန်းနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

စစ်ကောင်စီက စခန်းမကျရေးအတွက် လေကြောင်းမှ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခုခံခဲ့သည်၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရှိသည်ဟု AA က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စီခမ်းကြီးရွာမှ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အမြောက်အမြား မီးလောင်ပျက်စီးခဲ့သည်ဟုလည်း သိရသည်။ ဒေသခံအများစုမှာ တိုက်ပွဲစတင်ဖြစ်ပွားစဉ်ကပင် ပိုမိုလုံခြုံဖွယ်ရှိသည့် နီးစပ်ရာကျေးရွာများနှင့် မံစီမြို့သို့ တိမ်းရှောင်နေကြရသည်။

တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်း ဆက်လက် အမှောင်ချထားသည်။

တရုတ်၏ဖိအားကြောင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အရှိန်လျော့ကျသွားပြီးနောက် KIA က ၎င်း၏ လှုပ်ရှားနယ်မြေများတွင် စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေသည်။ မံစီ၊ ဖားကန့်၊ ဝိုင်းမော်၊ မဘိမ်း၊ မိုးမိတ်၊ နမ့်ဖတ်ကာ စသည့်မြို့နယ်များတွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

မြစ်ကြီးနားမြို့၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ဆင်ဘိုမြို့ကိုလည်း KIA နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ ထိန်းချုပ်ထားသည်၊ မြို့အနီးရှိ စစ်ကောင်စီတပ်၏ ခလရ (၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်နေသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့များ၊ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့ကို ဇန်နဝါရီ ၂၁ ရက်က သိမ်းပိုက်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီ၏ အမှတ် ၁၂၃ ခြေလျင်တပ်ရင်း (ခလ ၁၂၃) ကို ဇန်နဝါရီ ၂၄  တွင်  သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button