
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယခုလ ၁၆ ရက်နေ့က စစ်မှုမထမ်းလိုကြောင်း ပြောဆိုသည့် လူငယ် ခြောက်ဦး အဖမ်းခံရပြီး သုံးရက်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း နီးစပ်သူများနှင့် ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသည့် လူငယ်များမှာ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြားဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာရှိ စိမ်းလဲ့ကန်သာ သဘာဝအပန်းဖြေဥယျာဉ်နှင့် စားသောက်ဆိုင်တွင် ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုတ်တရက် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများအနက် သုံးဦးသည် လယ်ဝေးမြို့နယ်၊ မဲဒီးကျေးရွာမှဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် မောင်ခန့်ညားအောင်၊ ၁၆ နှစ်အရွယ် Grade 9 ကျောင်းသားများဖြစ်သော မောင်သက်နောင်ထွန်းနှင့် မောင်ရန်လင်းအောင်တို့ ဖြစ်သည်။ ရွယ်တူဖြစ်သော ကျန်သုံးဦးနှင့်ပတ်သက်၍ အသေးစိတ် မသိရပေ။
“စစ်မှုထမ်းခိုင်းတာကို မကျေနပ်လို့ မင်းအောင်လှိုင်မကောင်းတဲ့အကြောင်း ပြောရင်း အားပါသွားတော့ ဘေးက ကြားပြီး စစ်သား၊ ရဲတွေနဲ့ လာဆွဲ၊ ဖုန်းတွေသိမ်း၊ ဖုန်းဂရုချက်တွေထဲကနေ ပြေးမဲ့လမ်းကြောင်းတွေ တွေ့ပြီး ဆွဲသွားတာ” ဟု နေပြည်တော်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးကလည်း လူငယ်များကို အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အတည်ပြုသည်။
ဖမ်းဆီးပြီးနောက် လယ်ဝေးမြို့နယ်ရဲစခန်းသို့ ချက်ချင်းခေါ်ဆောင်သွားကာ ညတွင်းချင်း စစ်ကြောရေး ပို့ဆောင်လိုက်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လယ်ဝေးရဲစခန်းကို လိုက်သွားတော့ နောက်ရက်မှ ပြန်လာဆိုပြီး ဒီနေ့ထိ အဆက်သွယ်မရသေးဘူး၊ အသက်တွေကလည်း ငယ်တော့ ဘာဆက်လုပ်ရမှန်းလည်း မသိဘူး၊ စိတ်ပူတာပဲ သိတယ်”

လူငယ်ခြောက်ဦး ဖမ်းဆီးခံလိုက်ရသည့် စားသောက်ဆိုင်အနီးတွင် မြို့နယ်အခွန်ရုံးနှင့် နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးတို့ရှိပြီး ထိုနေရာများသည် သံဆူးကြိုးများကာရံကာ လုံခြုံရေး တင်းကျပ်သည့် နေရာတစ်ခုဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း နေပြည်တော်ရှိ ရပ်ကွက်များ၌ ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှု တင်းကျပ်လာရာ ကျေးရွာများတွင် ည ၇ နာရီနောက်ပိုင်း လူသွားလာမရှိတော့ဘဲ စစ်ကားများလှည့်လည်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
ယခုလ ၁၀ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေစစ်မှုထမ်းရမည် ဖြစ်သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အကျုံးဝင်ပြီး ဘွဲ့ရပညာတတ်ဖြစ်ပါက ၄၅ နှစ်အောက် အမျိုးသား၊ ၃၅ နှစ်အောက် အမျိုးသမီးတို့လည်း ပါဝင်နေသည်။
စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
စစ်ကောင်စီက ဗဟိုအဆင့်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အပြင် တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များကို ဆက်တိုက်ဖွဲ့စည်းထားကာ အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး စိုင်းပြင်းနေသည်။
စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိသည်ဟု စစ်ကောင်စီက ကြေညာထားပြီး လာမည့် ဧပြီလ သင်္ကြန်ရုံးပိတ်ရက်များအပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်း စတင်ခေါ်ယူမည်ဟု စစ်ကောင်စီပြောခွင့်ရသူက ထုတ်ဖော် ပြောဆိုထားသည်။
အရပ်သားများကို စစ်ထဲ ဆွဲသွင်းမည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အပြိုင် စစ်သားဟောင်းများကို ပြန်ခေါ်မည့် အရန်တပ်ဖွဲ့ဥပဒေကိုလည်း စစ်ကောင်စီက အသက်သွင်းထားသည်။
ထိုဥပဒေဂယက်ကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်လူရွယ်အများအပြား နိုင်ငံရပ်ခြားထွက်ရန် ကြိုးပမ်းသူများရှိလာသလို စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများဘက်သို့ ဝင်ရောက်ရန်လည်း ကြိုးပမ်းလာကြသည်။
