သတင်း

ကချင်ရှိ စစ်ကောင်စီ စခန်းနှစ်ခုကို KIA တစ်ရက်အတွင်း သိမ်းပိုက်

ဖားကန့်နှင့် မံစီတိုက်ပွဲများတွင် လေတပ်၏ အန္တရာယ်ကြားမှ စခန်းသိမ်းတိုက်ပွဲနှစ်ခု အောင်မြင်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုထံမှ သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် မံစီမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က သိမ်းပိုက်လိုက်သည်ဟု သိရသည်။

ဖေဖေါ်ဝါရီ ၂ ရက် ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ ဖားကန့်-မြစ်ကြီးနား လမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ နန့်တိန်စခန်းကို KIA နှင့် KPDF စတင်တိုက်ခိုက်ခဲ့ပြီး ထိုနေ့ ည ၈ နာရီခန့်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ခုခံနိုင်ဟန်မရှိတော့သည့် စစ်ကောင်စီတပ်က စခန်းကို စွန့်ခွာထွက်ပြေးသွားပြီးနောက် တိုက်ပွဲပြီးဆုံးခဲ့သည်ဟု KPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၄ နာရီလောက် ဆက်တိုက် တိုက်ပြီးတော့ သူတို့ထွက်ပြေးသွားကြတာ” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် တစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ရှိ ဖားကန့်ဗျူဟာကုန်းနှင့် လုံးခင်းရွာရှိ စစ်ကောင်စီတပ်စခန်းတို့ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်။

အဆိုပါ နန့်တိန် စခန်းနှင့် ဝှေခါစခန်းတို့ကို KIA, KPDF ပူးပေါင်းတပ်တို့က ဇန်နဝါရီ ၆ ရက်မှစတင်ကာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး ဝှေခါစခန်းကို ဇန်နဝါရီ ၂၀ တွင် သိမ်းပိုက်နိုင်ခဲ့သည်။

တပ်မ ၃၃ လက်အောက်ခံ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် အဆိုပါ နန့်တိန်စခန်းကို ဆက်လက်ဝန်းရံ ပိတ်ဆို့ထားခဲ့ပြီး ယမန်နေ့က ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သော်လည်း နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် သုံ့ပန်းဖမ်းဆီးရမိခြင်း ရှိမရှိကိုမူ မသိရသေးပေ။

ဖားကန့်မြို့၏ အဓိက ဝင်ပေါက်၊ ထွက်ပေါက်များပေါ်တွင် အခြေချထားသည့် စစ်ကောင်စီတပ်၏ စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နောက်ထပ်ပြုလုပ်မည့် စစ်ဆင်ရေးများတွင် ပိုမိုအထောက်အကူဖြစ်လာသည်ဟု KPDF တာဝန်ခံက ပြောသည်။

“အဓိက မိန်းဝင်ပေါက်နှစ်ခုပေါ့၊ အဲဒီနှစ်ခုကို ဖြတ်တောက်ထားနိုင်တော့ တစ်ခုနဲ့ တစ်ခု စစ်ရေးအရ ထောက်ပို့နိုင်တဲ့အနေအထား စစ်ကူလာနိုင်တဲ့အနေအထားတွေကို ဖြတ်တောက်ထားလိုက်နိုင်ပြီပေါ့” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

နန့်တိန်ရွာဒေသခံများမှာ တိုက်ပွဲစတင် ဖြစ်ပွားသည့် ဇန်နဝါရီ ၆ ရက်မှစတင်ပြီး နီးစပ်ရာကျေးရွာများနှင့် ဖားကန့်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြရသည်ဟု ဖားကန့်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ အခြေစိုက် အမှတ် ၁၂၃ ခြေလျင်တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဇန်နဝါရီ ၂၄ ရက်တွင် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

ယနေ့ နံနက် ဖားကန့်မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေကြသော်လည်း စစ်ရေးတင်းမာမှုများတော့ ရှိနေသည်ဟု KIA, KPDF အဖွဲ့များနှင့် နီးစပ်သူ အဆိုပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။

“မြို့ပေါ်မှာတော့ ပုံမှန်ပဲ၊ ဒါပေမဲ့ (စစ်တပ်) သူတို့ ဟိုဟိုဒီဒီ ရွှေ့တာ ပြောင်းတာတွေ ရှိတယ်၊ ဘာလိုလည်းတော့ သေချာမသိရဘူး၊ ကျန်တဲ့စခန်းကုန်းတွေနဲ့ ကံစီးတပ်စခန်းတို့လည်း ခံစစ်ပြင်နေကြတယ် ပြောတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

နန့်တိန်စခန်းသိမ်းနိုင်သည့် တစ်ရက်တည်းတွင်ပင် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဘလောင်ဒိန်ဆာစခန်းကိုလည်း KIA တပ်များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းကို ဖေဖော်ဝါရီ ၁ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ အသေးစိတ်အချက်အလက်များကိုတော့ မသိရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်း သတင်းဌာနအချို့ကို ဖြေကြားထားသည်။

အဆိုပါ စခန်းသည် မံစီမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင် ရှိပြီး ဇန်နဝါရီ ၂၉ ရက်က KIA သိမ်းပိုက်ခဲ့သည့် ကိုက်ထိပ်စခန်းနှင့် မိုင်အနည်းငယ်အကွာတွင် ရှိသည်။

ဖားကန့်နှင့် မံစီမြို့တို့တွင် စစ်ကောင်စီစခန်း သိမ်းပိုက်နိုင်သည့်အခြေအနေများနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီကို ပေါ်ပေါ်တင်တင် ဝေဖန်ရှုတ်ချထားသည့် KIA က ကချင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အရှိန်လျော့ကျသွားပြီးနောက် KIA က ၎င်းထိန်းချုပ် လှုပ်ရှားနယ်မြေများတွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာရာ မံစီ၊ ဖားကန့်၊ ဝိုင်းမော်၊ မဘိမ်း၊ မိုးမိတ်၊ နမ့်ဖတ်ကာ စသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သလို ဇန်နဝါရီ ၃ ရက်က လိုင်ဇာမြို့မြောက်ဘက်ရှိ နားဖာ့ဒေသသို့ ရိက္ခာလာပို့သည့် ရဟတ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့သည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့များ၊ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်မှုများရှိနေပြီး ဇန်နဝါရီ ၂၁ ရက်က ရှမ်းမြောက်ရှိ မဘိမ်းမြို့ကို အဆိုပါ တပ်များနှင့် ပူးပေါင်းတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့သည်။

Show More

Related Articles

Back to top button