သတင်း

အာဏာသိမ်း ၃ နှစ်ပြည့်ချိန် စစ်ကိုင်းတိုင်းစစ်စခန်းတချို့ အတိုက်ခံရ

စစ်တပ် အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့တွင် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ်စခန်းများကို ပြောက်ကျားနည်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များက ဆိုသည်။

စစ်တပ် အာဏာသိမ်းမှု ၃ နှစ်ပြည့်ခဲ့သည့် ယမန်နေ့ (ဖေဖော်ဝါရီ ၁) တွင် စစ်ကောင်စီကို ပုံစံမျိုးစုံဖြင့် ကန့်ကွက်ခဲ့ကြသည်ကို တွေ့ရပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်များကမူ စစ်တပ်စခန်းများကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့က နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် နေအိမ်အပြင်မထွက်ဘဲ ပြည်လုံးကျွတ် ဆင်နွှဲသည့် အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲရင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလားတူ ပြည်တွင်းပြည်ပရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကလည်း အဖြူရောင်အဝတ်၊ အသုံးဆောင်များ ဝတ်ဆင်ကာ ဆန္ဒထုတ်ဖော်နေကြချိန် မြင်းမူ၊ ရွှေဘို၊ ဝက်လက်နှင့် ပုလဲမြို့နယ်တို့ရှိ စစ်တပ်နှင့် ပျူစခန်းတို့ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်တိုက်ခြင်းဖြစ်သည်။

မြင်းမူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက) အမှတ် ၁ တွင် တပ်စွဲထားသည့် စစ်သားနှင့် ရဲ အင်အား ၅၀ ခန့်ကို နံနက် ၉ နာရီခန့်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့ ၉ ဖွဲ့ စုပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့သည်။

အသံတိတ်သပိတ်မတိုင်မီ တစ်နာရီအလိုတွင် စတင်ခဲ့သည့် အဆိုပါ စီးနင်းမှုမှာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သူများသလို ၂ ဦးကိုလည်း လက်ရဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

အထက ၁ ကျောင်းဆောင်ရှေ့ရှိ စစ်တပ်ဘန်ကာတစ်ခုကို ဖြိုဖျက်နိုင်ခဲ့သော်လည်း ကျည်အခက်အခဲကြောင့် စခန်းကို သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Moe Nyo Revolution Force အဖွဲ့တာဝန်ခံ ကိုမိုးညိုက ပြောသည်။

“ကျွန်တော်တို့က သူတို့တပ်စွဲထားတဲ့ကျောင်းကို အရှေ့အနောက် ညှပ်ပစ်တာ။ ကျောင်းအုတ်တံတိုင်းဘေးကနေ ကျော်ပစ်နေကြတာ။ အထဲဝင်ဖို့ အမိန့်လည်း မပေးဘူး၊ ကျည်အင်အားလည်း မလုံလောက်တော့ အထဲထိတော့ မတိုးခဲ့ဘူး” ဟု ကိုမိုးညိုက ပြောသည်။

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီကင်းစခန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့က Moe Nyo Revolution Force က ဝင်ရောက်ပစ်ခတ်သည့် ရုပ်သံမှ Screenshot

ဘန်ကာအတွင်းရှိ စစ်သား ၃ ဦးမှာ နေရာမှာပင် သေဆုံးခဲ့သလို အခြား ၇ ဦးမှာလည်း ထိခိုက်ဒဏ်ရာဖြင့် လဲကျသွားသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

“အာဏာသိမ်းတာ သုံးနှစ်ပြည့်မှာ မြင်းမူသားတွေ သွေးမအေးတဲ့အကြောင်း၊ ပြီးတော့ သူတို့ဘက်က အရာရှိသစ်ပြောင်းတယ်၊ သူက PDFတွေ အမှုန့်ချေပစ်မယ်လို့ ပြောနေတယ်လို့ အတွင်းသတင်းအရ သိရတယ်။ ကျွန်တော်တို့ ပြည်သူတွေထိခိုက်နိုင်တာကြောင့် သူတို့ကို မတိုက်သေးတာ။ ကျွန်တော်တို့ တိုက်ခိုက်ချင်ရင် အချိန်မရွေးတိုက်ခိုက်လို့ရတယ်ဆိုတာ သတင်းစကားပေးချင်တာ” ဟု ကိုမိုးညိုက ပြောသည်။​

ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ရွှေဘိုမြို့အနောက်ဘက် ၁၀ မိုင်ကျော်ရှိ ဇီးဖြူကုန်းရွာတွင်လည်း အင်အား ၁၀၀ ခန့်ပါသည့် စစ်သားနှင့် ပျူစောထီးတို့ကိုလည်း BLACK WOLF – ARMY အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့သည်။

ဒရုန်းဗုံးသီး ၁၁ လုံးဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း မည်မျှထိခိုက်သည်ကို မသိရသေးကြောင်း၊ စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ခုခံသော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု မရှိကြောင်း BLACK WOLF – ARMY တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ ညနေပိုင်းက ရွှေဘိုမြို့တောင်ဘက် ကပ်လျက်ရှိ ဝက်လက်မြို့တွင်လည်း စစ်တပ်အထိုင်ချထားသည့် စခန်းကို Special Defence Force (အညာမြေစစ်ကြောင်း) အမည်ရ ဒေသခံကာကွယ်ရေးတပ်က အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်ခဲ့သည်။

ရွှေဘို-မန္တလေးလမ်းပေါ် ဝက်လက်မြို့အနောက်ဘက် ၇ မိုင်ခန့်ရှိ ရွာသားကြီးရွာ၌ တပ်စွဲထားသည့် စစ်တပ်ကို သွေးမအေးကြောင်းပြသည့် အနေဖြင့် ၆၀ မမ အမျိုးစား လက်လုပ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အတူ ယမန်နေ့က ပုလဲမြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျူစောထီးများ အားကောင်းသည့် ဇီးဖြူကုန်းရွာကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အမည်ရ ဒေသကာကွယ်ရေးတပ်က စီးနင်းတိုက်ခိုက်စဉ် စစ်တပ်ကလည်း လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့သည်။

ဇီးဖြူကုန်းရွာ တိုက်ပွဲတွင် စစ်တပ်က စစ်လေယာဉ်ဖြင့် လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၅ ဦး၊ ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု BNRAက ယနေ့ သတင်းထုတ်ပြန်သည်။

BNRA က ဇီးဖြူကုန်းရွာရှိ စစ်တပ်နှင့် ပျူစောထီးများကို​ ဇန်နဝါရီ ၃၁ ကတည်းက တိုက်ခိုက်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁ တွင်လည်း စစ်တပ်က လေယာဉ်စေလွှတ် တိုက်ခိုက်ရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ စီးနင်းမှုအတွင်း စစ်တပ်ဘက် ထိခိုက်သေဆုံးမှုရှိကြောင်း BNRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း စစ်တပ်ဘက်က တုံ့ပြန်ခြင်း မရှိပေ။

Show More

Related Articles

Back to top button