
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီ၏ အမှတ် ၁၂၃ ခြေလျင်တပ်ရင်း (ခလရ ၁၂၃) ကို ယမန်နေ့ (ဇန်နဝါရီ ၂၄) တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည်။
ကွတ်ခိုင်မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ လားရှိုး-မူဆယ်လမ်းပေါ်ရှိ နမ့်ဖတ်ကာရွာ၌ အခြေစိုက်ထားသည့် ထိုတပ်ရင်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“အောက်ခြေအချက်အလက်တွေကတော့ ဘာမှ ကျွန်တော်တို့လည်း မရသေးဘူး။ ဖုန်းအဆက်သွယ်တွေလည်း မရသေးဘူး။ ရပြီဆိုတဲ့သတင်းပဲ အကြောင်းကြားလာတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောသည်။
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်ရှိ မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး စသည့် မြို့များနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အခရာကျသည့် ကွတ်ခိုင်မြို့ကို “၁၀၂၇” စစ်ဆင်ရေးအတွင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က သိမ်းပိုက်ထားပြီးဖြစ်သည်။
တရုတ်အစိုးရ၏ ကြားဝင်ပေးမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယာယီအပစ်ရပ်ရန် သဘောတူပြီးနောက် တိုက်ပွဲများ လျော့နည်းသွားချိန်တွင် ခလရ ၁၂၃ ကို KIA က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၉ ရက်တွင် KIA က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နမ့်ဖတ်ကာရှိ လက်ကျန်အခြေစိုက်တပ်ရင်း မဆုံးရှုံးစေရေး စစ်ကောင်စီက လက်နက်ကြီးပစ်ကူသာမက လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း တစ်လနီးပါးအကြာတွင် လက်လွတ်ဆုံးရှုံးလိုက်ရသည်။
ထိုတပ်ရင်းကို စီးနင်းတိုက်ခိုက်နေစဉ် ဗုံးလာကြဲသည့် စစ်တပ်တိုက်လေယာဉ်တစ်စီးကို KIA က ဇန်နဝါရီ ၁၆ တွင် ပစ်ချနိုင်ခဲ့သည်။ ခလရ ၁၂၃ အနီး တိုက်လေယာဉ်ပျက်ကျစဉ် လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးခဲ့သည်။
ပစ်ချခံရသည့် လေယာဉ်သည် တရုတ်ထုတ် FTC 2000G အမျိုးအစား တိုက်လေယာဉ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်းမှ စစ်ကောင်စီလေတပ်တွင် စတင်အသုံးပြုခြင်းဖြစ်သည်။
အဆိုပါ လေယာဉ်မှာ ယခုနှစ်ဆန်းပိုင်းအတွင်း KIA က ပစ်ချလိုက်သည့် ဒုတိယမြောက် စစ်တပ်လေယာဉ် ဖြစ်သည်။ ဇန်နဝါရီ ၃ ရက်ကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း Mi-17 အမျိုးအစား ရဟတ်ယာဉ်တစ်စင်းကို KIA က ပစ်ချခဲ့သည်။
ယခုသီတင်းပတ်အတွင်း ကချင်ပြည်နယ်ရှိ စစ်တပ်ခြေကုပ်စခန်းနှစ်ခုနှင့် ရှမ်းပြည်နယ်ရှိ မြို့တစ်မြို့ကို KIA က သိမ်းပိုက်ထားသည်။
ဇန်နဝါရီ ၂၁ ရက်နေ့က ကချင်ပြည်နယ် မံစီမြို့နယ်၊ မံဝိန်းကြီးရွာရှိ ခြေမြန်တပ်ရင်း ၄၂၄ လာရောက်အခြေချထားသည့် တပ်စခန်းနှင့် နယ်စပ်ဂိတ်တို့ကို KIA က စီးနင်းသိမ်းပိုက်ခဲ့ကာ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် စစ်သား ၃၀ ကျော်ကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။
ထို့အတူ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး ဗျူဟာအရ အရေးပါသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့ကို KIA နှင့် ပူးပေါင်းတပ်များက အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၁ တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။
ရှမ်းမြောက်နှင့် မန္တလေးတိုင်း နယ်စပ်မျဉ်းအနီးရှိ မိုးမိတ်မြို့ကို သိမ်းပိုက်နိုင်ရေး KIA က ဆက်လက် တိုက်ခိုက်နေပြီး နှစ်ဖက်လက်နက်ကိုင်များအကြား တိုက်ပွဲပြင်းထန်နေသည်။
မိုးမိတ်မြို့ကို ဇန်နဝါရီ ၁၈ နံနက်ပိုင်းမှစ၍ KIA က စတင်းတိုက်ခိုက်နေခြင်းဖြစ်ကာ စစ်တပ်ကလည်း လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု သိရသော်လည်း ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် အသေးစိတ်အခြေအနေ မသိရပေ။