ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တပ်များက ဒုတိယမြောက်နေ့အဖြစ် ယနေ့တွင် ဆက်လက်တိုက်ခိုက်လျက်ရှိရာ စစ်တပ်က လေကြောင်းပစ်ကူများ အသုံးပြုပြီး အပြင်းအထန် ပြန်လည်ခုခံနေကြောင်း သတင်းရရှိသည်။
မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်း၍ ယမန်နေ့ (ဇန်နဝါရီ ၁၈) နံနက်ပိုင်းကတည်းက စီးနင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
ပြင်းထန်သည့်တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိနေကြောင်း ဒေသခံများက ဆိုသည်။
စစ်တပ်သည် ယနေ့တွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီကျော်အထိ လေယာဉ်များဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်နေသည်ဟု မြို့ခံနှစ်ဦးနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ယမန်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားသည့် မိုးမိတ်မြို့ပေါ်တိုက်ပွဲများမှာ ညနေ ၄ နာရီခန့်တွင် ခေတ္တရပ်ဆိုင်းခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများပြန်လည်ဖြစ်နေကြောင်း၊ လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းထဲတွင် ပုန်းခိုနေရသဖြင့် အခြေအနေအသေးစိတ်ကို မသိရကြောင်း ကိုဖိုးသားဆိုသူ ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ကတည်းက ဗုံးခိုကျင်းထဲမှာပဲ။ ဒီနေ့လည်း လေယာဉ်နဲ့ ကြဲတာရှိတယ်။ ဘယ်နှခါရယ်လို့ မှတ်မထားတော့ဘူး။ ဆက်တိုက်ကို ကြဲနေတာပဲ။ တက်လာလိုက်၊ ကြဲလိုက်ပဲ။ ကျွန်တော်တို့လည်း ဘယ်မှ ထွက်မကြည့်ရဲဘူး။ လူမြင်ရင်လည်း ကြဲတာ” ဟု ကိုဖိုးသားက ပြောသည်။
မိုးမိတ်မြို့၏ နေရာအများစုကို ကာကွယ်ရေးတပ်များက စိုးမိုးထားနိုင်ပြီဖြစ်ကာ အလုံးစုံသိမ်းဆည်းနိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
“မိုးမိတ်ကတော့ ချနေကြတာပဲ။ PDF တွေက KIA ပေါင်းလိုက်ပြီးတော့ တိုက်နေကြတာ။ မနေ့ကတော့ ရဲစခန်းက အလံဖြူထောင်ထားတယ်” ဟု ၎င်းက ပြောသည်။
မိုးမိတ်-မိုးကုတ်လမ်း၊ မိုးမိတ်-သပိတ်ကျင်းလမ်းနှင့် လေယာဉ်ကွင်းဟောင်းတို့ ဆုံသည့်နေရာတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များရှိနေသည်။ ထိုစစ်စခန်းများသည် တော်လှန်ရေးအဖွဲ့များ၏ အဓိကပစ်မှတ်ဖြစ်လာရာ စခန်းအနီးမှ ဒိုးပင်၊ ညောင်ပင်စောက်၊ ကင့်နွယ် စသည့် ကျေးရွာများမှာ စစ်ဘေးဒဏ် ပိုမိုခံရမည့်အနေအထား ဖြစ်နေသည်။
နမ့်ဆန်၊ မန်တုံ၊ သပိတ်ကျင်း၊ မိုင်းငေါ့၊ မိုးကုတ်၊ မဘိမ်း စသည့် မြို့များနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် မိုးမိတ်ကို ၂၀၁၄ နောက်ပိုင်း ခရိုင်မြို့အဖြစ် သတ်မှတ်လိုက်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများကို မကြာသေးခင် နှစ်များအတွင်းက ဖြည်းဖြည်းချင်း တည်ဆောက်နေသည်ကို တွေ့ရသည်။ သို့သော် ပုဂ္ဂလိကဘဏ်လုပ်ငန်းများ မထွန်းကားသေးသည့် ခရိုင်အဆင့်မြို့တစ်ခုဖြစ်သည်။
စစ်ကောင်စီက အခိုင်အမာခြေကုပ်ယူထားသည့် မိုးမိတ်သည် ရှမ်း၊ ကချင်၊ တအာင်း/ပလောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ဝင်ထွက်လှုပ်ရှားသည့် နယ်မြေဖြစ်သည်။
မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်နေမှုအခြေအနေနှင့် ပတ်သက်၍ KIA နှင့် ကာကွယ်ရေးတပ်များထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။
တအာင်း/ပလောင် တိုင်းရင်းသားများလည်း နေထိုင်ကြသည့် မိုးမိတ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တပ်ကလည်း လှုပ်ရှားနေသည်။
မိုးမိတ်မြို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲတွင် ၎င်းတို့ပါဝင်ခြင်းမရှိသော်လည်း စစ်တပ်က မိုးမိတ်မြို့ကို လေကြောင်းဖြင့် အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ထားပြီဖြစ်ကာ လက်နက်ကြီးများဖြင့်လည်း တရစပ်ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် တအာင်းတပ် TNLA ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့က ဗုံးကြဲမှုအတွင်း မိုးမိတ်မြို့တွင် အမျိုးသားတစ်ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ မကြာခဏဗုံးလာချသည့် လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းထဲတွင်သာ ခိုလှုံနေရသဖြင့် ထိခိုက်သူအရေအတွက်ကို မသိရကြောင်း ကိုဖိုးသားက ပြောသည်။
“မနေ့က လေယာဉ်သံကြားတော့ ဗုံးခိုကျင်းထဲ ဝင်ပုန်းတဲ့အချိန် ဗုံးက အကျနဲ့ လွတ်သွားတာ။ ဗုံးက တစ်နေကုန်ကို ကြဲတာ။ ရှေ့နဲ့နောက်ကို ပျံရင်း ကြဲလိုက်၊ တောင်နဲ့မြောက် ပျံရင်း ကြဲလိုက်ပဲ။ တစ်ခါကြဲ လေးငါးလုံးလောက်ရှိတယ်” ဟု ကိုဖိုးသားက ပြောသည်။
“တချို့နေရာတွေလည်း အိမ်တွေမီးလောင်တယ်။ တချို့နေရာတွေလည်း ပျက်စီးတယ်။ သေတဲ့သူကို သင်္ဂြိုဟ်ပေးမယ့်သူမရှိဘူး။ ဘယ်သူမှလည်း အပြင်မထွက်ရဲဘူး”
သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ကိုစည်သူအောင်ဆိုသူဖြစ်ကြောင်း သိရပြီး မြို့မြောက်ပိုင်းကို စစ်တပ်က ဗုံးကြဲစဉ် ထိမှန်သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။
ကိုဖိုးသားက ၎င်းကိုယ်တိုင်လည်း ရှိသည့် မုန့်ခြောက်များကို အားပြု၍ ဗုံးခိုကျင်းထဲတွင်သာ ပုန်းခိုနေရသလို ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် အခြားပိတ်မိနေသူများ၏ အခြေအနေကို မသိရကြောင်း ပြောသည်။
မိုးမိတ်မြို့တွင် စစ်တပ်ပိုင် MyTel ဖုန်းလိုင်းတစ်ခုသာ အသုံးပြု၍ ရနေပြီး ကျန်ဆက်သွယ်ရေးလိုင်းများမှာ ယမန်နေ့ကတည်းက ဖြတ်တောက်ခံထားရခြင်းဖြစ်သည်။
မိုးမိတ်မြို့မှ ထွက်ပြေးလာသူ အမျိုးသားတစ်ဦးကလည်း မြို့ပေါ်ရှိ အဆောက်အအုံအများအပြားမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးနေပြီဖြစ်ကြောင်း၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် ပိတ်မိနေသည့် မိသားစုဝင်များ၏ အခြေအနေကိုပင် မသိရတော့ကြောင်း ပြောသည်။
သို့သော် မိုးမိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မန္တလေးတိုင်း မိုးကုတ်မြို့ဘက်သို့ သွားရာလမ်းရှိ ၎င်းတို့ဗျူဟာကုန်းထဲတွင် စုပေါင်းတပ်စွဲနေသည်ဟု ၎င်းက ဆိုသည်။
“ဒီနေ့လည်း မြို့ထဲမှာ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေယာဉ်တွေနဲ့လည်း ပစ်နေတော့ တော်တော်ပျက်နေပြီလို့ ကြားတယ်။ စစ်တပ်က မြို့ထဲမှာ မရှိတော့ဘူး။ မိုးမိတ်အဝင်နားမှာရှိတဲ့ ဗျူဟာကုန်းထဲကို ဆုတ်သွားပြီးတော့ မြို့ထဲကို ပစ်နေကြတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် နယ်မြေချင်း ထိစပ်နေသည့် မိုးကုတ်မြို့ဘက်သို့ သွားရာ မြို့အဝင် နမ့်မောင်းချောင်းတံတားထိပ်တွင် ပိတ်ဆို့ထားသလို အနီးအနားရှိ ဗျူဟာကုန်းကလည်း အနီးဝန်းကျင်တစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မိုးမိတ်မြို့၏ အနောက်တောင်ဘက် ၂၈ မိုင်အကွာရှိ မိုးကုတ်မြို့တွင် တိုက်ပွဲများဖြစ်ပွားမှုမရှိသော်လည်း ယမန်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြို့နှစ်မြို့ကြား ဆက်သွယ်ထားသည့် ကားလမ်းပေါ်မှ ပိန်းပြစ်အမည်ရှိ ရွာတစ်ရွာလည်း တိုက်ခိုက်ခံရသည်။
မိုးကုတ်မြို့မြောက်ဘက်ရှိ လီဆူအများစုနေထိုင်သည့် ပိန်းပြစ်ရွာထဲ လက်နက်ကြီးကျည်များ ယမန်နေ့ည ၁၁ ခန့်က ကျရောက်ပေါက်ကွဲမှုအတွင်း အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဖခင်ဖြစ်သူ သေဆုံးသွားကာ မိခင်ဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့သည်။
သေဆုံးသူများမှာ ဦးအဆီး အသက် ၃၄ နှစ်နှင့် ၄င်း၏ သားဖြစ်သူ အသက် ၆ နှစ်အရွယ် မောင်အလေး ဆိုသူတို့ဖြစ်သည်။
“ရွာက နှစ်ပိုင်းရှိတဲ့အထဲမှာ လီဆူအများစုနေတဲ့အပိုင်းကို ကျတာ။ အခုက မိုးကုတ်ဗျူဟာကုန်းက ပစ်တာလား၊ ငါးမိုင်စခန်းကနေ ပစ်တာလားတော့ မသေချာဘူး” ဟု မိုးကုတ်မြို့ခံအမျိုးသားက ပြောသည်။
မည်သည့်နေရာမှ ပစ်ခတ်သည်ကို မသိရသော်လည်း လက်နက်ကြီးကျည်ဆန်များမှာ ပိန်းပြစ်ကျေးရွာနှင့် အနီးနားတစ်ဝိုက်ရှိ လယ်ကွင်းများထဲမှာပါ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ နေအိမ်နှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုများပြားသည်ဟု သိရသည်။