သတင်း

မန္တလေးကန်တော်ကြီးပတ်လမ်းအနီး ပစ်ခတ်မှုတွင် လက်နက်ကိုင် ၃ ဦး သေဆုံး

မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်းအနီး သွားလာနေသူများကို စစ်ဆေးရန် ပြင်ဆင်နေသည့် စစ်သားနှင့် ရဲများ ပစ်ခတ်ခံရသည်၊ တိုက်ခိုက်သူများဘက်မှလည်း ၁ ဦး သေဆုံးသွားသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းအနီးတွင် ဇန်နဝါရီ ၁၆ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။

ကန်တော်ကြီးပတ်လမ်း၊ ကုက္ကိုလ်ကျွန်းစားသောက်ဆိုင်အနီး သွားလာနေသူများ၊ မော်တော်ယာဉ်များကို စစ်ဆေးရန် ပြင်ဆင်နေသော စစ်သားနှင့် ရဲ ၇ ဦးကို လူတစ်စုက လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

မတ္တရာမြို့နယ်ပကဖ တိုက်နယ် ၆ နဂါးနီတပ်ဖွဲ့ တာဝန်ခံ ကိုသားငယ်ဆိုသူက ထိုတိုက်ခိုက်မှုကို တောဒေါင်းနီ မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့်အတူ ပူးတွဲ ပြုလုပ်ခြင်းဖြစ်သည်၊ သွားရောက် တိုက်ခိုက်သူများထဲမှ တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးလည်း   သေဆုံးသွားသည်ဟု ဆိုသည်။

“သူတို့ဘက်က သုံးဦးကျတာကို ကျွန်တော်တို့ ရဲဘော်တွေ မျက်မြင်ရော နောက်ဆက်တွဲ ကြားတဲ့သတင်းတွေရောအရ အတည်ပြုနိုင်ပါတယ်။ သူတို့လဲကျနေတဲ့ စစ်သားတွေရဲ့ ဖုန်း ၂ လုံးပါ ကောက်ယူနိုင်ခဲ့တယ်၊ လက်နက်တွေကောက်ယူဖို့ လုပ်တဲ့အချိန် ကင်းပတ်လာတဲ့စစ်ကားက လိုက်ပစ်လို့ ဆုတ်ခွာရတယ်၊ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ကျခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အပစ်ခံရသည့်လူငယ်မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မျက်မြင်များကို ကိုးကား၍ ၎င်းက ဆိုသည်။

ထိုလူငယ်၏ရုပ်အလောင်းကို ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရဲကင်းမှ လက်နက်ကိုင်များက ဧရာမေတ္တာ နာရေးကူညီမှုကားဖြင့် သယ်ဆောင်သွားသည်ဟု မန္တလေးမြေပြင် ကင်းထောက်စာမျက်နှာ MDY-Revolution က ရေးသားသည်။

အွန်လိုင်းလူမှုကွန်ရက်သို့ ရောက်လာသည့် ရုပ်အလောင်းပုံတွင် အညိုရောင်အနွေးထည်နှင့် အောက်ခံအဖြူစင်းကျား အင်္ကျီဝတ်ဆင်ထားသည့် လူငယ်တစ်ဦးကို ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် လမ်းပေါ် လဲကျနေသည်ကို တွေ့ရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူများကို ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး နေရာအနှံ့ ပေါ်ပေါက်လာသည်။

မန္တလေးဒေသတွင်လည်း လူငယ်အများအပြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူကာ တိုက်ပွဲဝင်လျက်ရှိပြီး တချို့မှာ မြို့ပြဒေသတွင် မကြာခဏ ဝင်ရောက်လှုပ်ရှားနေသည်။

မြို့ပြပြောက်ကျားတို့၏ ပစ်မှတ်မှာ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်သည်၊ ထို့ပြင် စစ်ကောင်စီသတင်းပေးဟု ယူဆရသူများကိုလည်း မကြာခဏ ပစ်သတ်လေ့ရှိသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း မန္တလေးမြို့မြို့လယ်တွင် သွားလာနေသည့် ရဲအရာရှိတစ်ဦး ပစ်သတ်ခံရသည်။

အောင်မြေသာစံမြို့နယ် အမှတ် (၃) ရဲစခန်းမှ ဒုရဲအုပ် မေသဥ္ဇာဝင်ပြည့်(ခ)ဂျက်မသည် ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းမှ ဆိုင်ကယ်မောင်းနှင်၍ ပြန်လာစဉ် ၂၉ လမ်း၊ လမ်း ၈၀ အရောက်တွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ပြီး ဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ပြပြောက်ကျား Generation Z Power(GZP) က ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့ကို စစ်ကောင်စီကလည်း ပိုမိုဖိနှိပ်လာလျက်ရှိပြီး ဒေသခံအများအပြားကို စစ်ကောင်စီ ဆန့်ကျင်မှု၊  တော်လှန်ရေးအဖွဲ့နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးနေသည်။

ပြီးခဲ့သည့် ၄ လအတွင်း ရဟန်း၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ကြရသည်။

Related Articles

Back to top button