သတင်း

KIA ပစ်ချခဲ့သည့် တိုက်လေယာဉ်အနီး တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်၊ ကွတ်ခိုင်တွင် ပျက်ကျလေယာဉ်ရှိသည့် နေရာကို သွားရောက်ရန် ကြိုးပမ်းနေသည့် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဆက်ဖြစ်နေသည်။ လေယာဉ်မောင်းသူများ သေဆုံးသွားကြသည်ဟု ဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၆) ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပစ်ချခဲ့သည့် စစ်လေယာဉ်ပျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီးတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။

KIA ဘက်က ပစ်ချခဲ့သည့် တိုက်လေယာဉ်ကို မောင်းနှင်သည့် ဗိုလ်မှူးကျော်သူရ၊ ဗိုလ်ကြီးကောင်းထက်စံတို့ နှစ်ဦးစလုံး သေဆုံးသွားပြီဟု စစ်ကောင်စီတပ်တွင်း သတင်းအရင်းအမြစ်များကို ကိုးကားပြီး ခေတ်သစ်နှင့် ဘီဘီစီ သတင်းဌာနတို့က ရေးသားကြသည်။

ပစ်ချခံရသည့် တိုက်လေယာဉ်သည် တရုတ်ထုတ် FTC 2000 G အမျိုးအစားဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်းမှ စစ်ကောင်စီလေတပ်တွင် စတင်အသုံးပြုခြင်းဖြစ်သည်။

FTC 2000 G လေယာဉ်များသည် ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ် လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း ၂၀၂၂ ဒီဇင်ဘာတွင် ကျင်းပခဲ့သည့် လေယာဉ်တပ်တော်ဝင်အခမ်းအနားတွင် စစ်ကောင်စီက ကြေညာခဲ့သည်။

တိုက်လေယာဉ်များကို စစ်ဆေးနေသည့် စစ်ခေါင်းဆောင် (ဓာတ်ပုံ – MOI)

အဆိုပါလေယာဉ်သည် စစ်ကောင်စီတပ် ခလရ ၁၂၃ အနီးသို့ ပျက်ကျသွားကြောင်း၊ လေယာဉ်ပျက်ရှိသည့်နေရာသို့ သွားရောက်ရန် ကြိုးစားနေကြသော်လည်း တိုက်ပွဲများပြင်းထန်သဖြင့် နှစ်ဖက်တပ်များ လေယာဉ်ပျက်အနီးသို့ မကပ်နိုင်သေးကြောင်း KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တပ်စခန်းနားမှာပဲ ကျသွားတော့ နယ်မြေရှင်းလင်းရေးလုပ်ဖို့ အခက်အခဲရှိပါတယ်။ သူတို့လည်း လုံခြုံရေးယူထားတယ်။ ကျွန်တော်တို့ဘက်ကလည်း အဲဒီနားမှာ စစ်ကောင်စီတပ်သားတွေ မရောက်အောင် လုံခြုံရေးယူထားတယ်။ ဒါကြောင့် ပျက်ကျသွားတဲ့လေယာဉ်နဲ့ အစအန၊ အချက်အလက်တွေ ပြည့်ပြည့်စုံစုံရဖို့ အခက်အခဲတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။​

ယခင် အလားတူဖြစ်ရပ်များတွင်လည်း လေယာဉ်ပျက်ကျမှု အထောက်အထားများကို ဖျောက်ဖျက်ဖယ်ရှားနိုင်ရေးမှာ စစ်ကောင်စီတပ် အရေးတကြီး လုပ်ဆောင်တတ်သည့် လုပ်ငန်းဖြစ်သလို လေယာဉ်ပျက်အပိုင်းအစနှင့် ရုပ်အလောင်း ရှာဖွေတွေ့ရှိမှုကို မှတ်တမ်းတင်ပြီး သတင်းထုတ်ပြန်နိုင်ရေး၊ လေသူရဲ အသက်ရှင်နေသေးလျှင် ဖမ်းဆီးနိုင်ရေးတို့မှာလည်း တော်လှန်ရေးအဖွဲ့များအတွက် အဓိကလုပ်ငန်းတစ်ခုဖြစ်သည်ကို တွေ့ရသည်။

နှစ်ရက်အတွင်း ဒုတိယမြောက်အဖြစ် စစ်ကောင်စီ၏ နောက်ထပ်လေယာဉ်တစ်စင်းကို KIAက ဇန်နဝါရီ ၁၇ တွင် ထပ်မံပစ်ချလိုက်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း မှန်ကန်မှုမရှိဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ဇန်နဝါရီ ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကိုလည်း KIA က ပစ်ချနိုင်ခဲ့သေးသည်။​

လားရှိုး-မူဆယ်လမ်းပေါ် ကွတ်ခိုင်မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ နမ့်ဖက်ကာတွင် အခြေစိုက်သည့် အမှတ် ၁၂၃ ခြေလျင်တပ်ရင်းစခန်းကို KIA က ဒီဇင်ဘာလကုန်ပိုင်းမှစ၍ တိုက်ခိုက်နေခြင်းဖြစ်သည်။

ခလရ ၁၂၃ ကို နှစ်ပတ်အကြာစီးနင်းတိုက်ခိုက်မှုအပြီးတွင် သိမ်းယူနိုင်သည်ဟု ဒေသခံများကို ကိုးကားပြီး Myanmar Now က ပြီးခဲ့သည့် သတင်းများတွင် ရေးသားခဲ့သော်လည်း ထိုစခန်းကို အလုံးစုံမသိမ်းနိုင်သေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။​

“စကစဘက်ကတပ်စခန်းတွေကို သိမ်းနိုင်တဲ့အနေအထားမရှိသေးဘူး။ တိုက်ပွဲက ဆက်ပြီးတော့ ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။ တော်တော်များများ ကာကင်းစခန်းတွေကတော့ သိမ်းလို့ရပါပြီ။ ၁၂၃ ဗဟိုစခန်းကိုတော့ သိမ်းလို့မရသေးဘူး။ ကျွန်တော်တို့လည်း ဝိုင်းပြီးမှ တိုက်နေတဲ့အနေအထား ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကွတ်ခိုင်မြို့သည် မြန်မာတရုတ်နယ်စပ် မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး စသည့် မြို့များကြားတွင် တည်ရှိသည်။

တရုတ်အစိုးရ၏ ကြားဝင်ပေးမှုကြောင့် စစ်ကောင်စီသည် မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်အတွင်း ယာယီအပစ်ရပ်ရန် သဘောတူညီချက် ရထားသဖြင့် တိုက်ပွဲများ လျော့နည်းသွားချိန်တွင် KIA နှင့် တိုက်ခိုက်မှုများက ဆက်လက်ဖြစ်ပေါ်နေသည်။

လတ်တလော တိုက်ပွဲအများဆုံးဒေသမှာ ရခိုင်ပြည်နယ်ဖြစ်နေသည်။

၂၀၂၁ တွင် အာဏာသိမ်းပြီး ဆန္ဒပြသူများကို ပစ်သတ်ရာမှာ နိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာရာ စစ်တပ်က စစ်မျက်နှာအများအပြား ဖွင့်ထားရဆဲဖြစ်သည်။

Show More

Related Articles

Back to top button