
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်အနီး ကျေးရွာများ စစ်ကောင်စီက အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေပြီး နေအိမ်တချို့ကို မီးရှို့သွားသည်၊ အမျိုးသမီး ၂ ဦးလည်း သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၆) ညနေပိုင်းတွင် ထိုစစ်ကြောင်း သဖန်းဒေါင့်ရွာသို့ ရောက်ရှိလာပြီး နေအိမ် ၅ လုံးကို မီးရှို့ခဲ့သည်၊ ယနေ့ (ဇန်နဝါရီ ၁၇ ရက်) မနက်ပိုင်းတွင် အနီးဝန်းကျင်ကျေးရွာများကို ဆက်စစ်ကြောင်းထိုးနေသည်ဟု စစ်ရှောင်များကို ကူညီနေသည့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုစစ်ကြောင်းရန်ကြောင့် သဖန်းဒေါင့်ရွာ အပါအဝင် ရွှေဘောင်ရွာ၊ ကျွဲခြံကုန်း၊ ဆူးလေကုန်း၊ ကုန်းတန်းနဲ့ ငယ်တိုးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော် အရေးပေါ်တိမ်းရှောင်နေရသည်ဟု သိရသည်။
ဇန်နဝါရီ ၉ ရက်နေ့ကလည်း မတ္တရာမြို့နယ် အနောက်ခြမ်း အလည်ကျေးရွာတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်မူဆိုသူကို စစ်ကောင်စီတပ်သားတို့က သတ်ဖြတ်သွားသည်ဟု ဒေသခံတို့က ဆိုသည်။
ဒေါ်မူသည် မတ္တရာမြို့နယ် အနောက်ခြမ်းရွာများဖြစ်သည့် မာရဘင်၊ မြစ်တိန်၊ တောပု၊ အလည် စသည့် ကျေးရွာများသို့ အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့်တပ်က ရင်ဆိုင်ခဲ့သည်ဟု ဒေသခံအမျိုးသမီးက ပြောသည်။
“သူက စစ်ကားတွေဝင်လာလို့ လန့်ပြီးတော့ အော်တာ၊ အဲဒီမှာ ကြားပြီး သူ့ကို ဖမ်းခေါ်သွားတယ်။ ပထမတော့ ဖမ်းသွားတာပဲ ထင်ကြတာ။ ၃ ရက်နေတော့ သူ့အလောင်းကို အောက်ကင်းရွာ ကိုင်းတောထဲက ပြန်တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းကလည်း မြို့မြောက်ပိုင်း အုံးကုန်းကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မန္တလေး-မြစ်ကြီးနားလမ်းပေါ်တွင် ရှိသည့် မတ္တရာမြို့နယ် တံငါ (တောင်) ရွာ တံတားထိပ်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“၅ လုံးပစ်ခတ်တာမှာ တစ်လုံးက နေအိမ်ပေါ် ကွက်တိကျတယ်။ ကျတဲ့တစ်လုံးကပဲ အဘွားအိုတစ်ဦး ဆုံးတယ်။ မိသားစုဝင်သုံးဦး ထိခိုက်သွားတာရှိတယ်။ နောက်ပြီး ကွမ်းခြံထဲကိုလည်း ကျတယ်။ ကွမ်းခြံထဲကျတဲ့ အလုံးကလည်း ကွမ်းခူးနေတဲ့ ပြည်သူတွေကို ထိခိုက်တယ်။” ဟု အသက် ၃၅ အရွယ် ထိုအမျိုးသားက ဆိုသည်။
ပခုံး၊ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာရသွားသဖြင့် ကုသမှုခံယူနေရသူတို့မှာ အသက် ၁၃ နှစ်ဝန်းကျင်အရွယ် ယောက်ျားလေး ၂ ဦး၊ အသက်အရွယ် အတည်မပြုနိုင်သေးသော အမျိုးသမီး ၁ ဦး၊ အသက် ၃၅ ဝန်းကျင်အရွယ် အမျိုးသားနှင့် အမျိုးသမီးတို့ဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ထိုရွာအနီး စစ်ကောင်စီတပ် ရောက်ရှိစဉ် တော်လှန်ရေးအဖွဲ့များက “လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး” ထိုရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် “ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း” ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများ အခြေအနေ
မတ္တရာမြို့နယ်တွင် ယခု (ဇန်နဝါရီ) လအတွင်း စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်နေသည်၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရရှိမှုရှိသည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်တောက်က Myanmar Now ကို ပြောသည်။
“တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ကျွန်တော်တို့ ဒီလ ၃ ရက်နေ့မှာ အုန်းကုန်းကျေးရွာမှာ ထိတွေ့တိုက်ပွဲရှိခဲ့တယ်။ ၁၃ ရက်နေ့ကလည်း ဇီးဖြူကုန်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်” ဟု ပြန်ကြားရေးတာဝန်ခံ ဗိုလ်တောက်က ဆိုသည်။
ဇန်နဝါရီ ၁၃ ရက်တွင် မန္တလေး-မတ္တရာကားလမ်း ကျောက်တံတားကျေးရွာနှင့် ငါးလုံးပြွန်ရွာကြားတွင် အိမ်စီးကားဖြင့်သွားလာနေသည့် စစ်သားတချို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မန္တလေးအနီး မတ္တရာမြို့နယ်တွင် MDY-PDF ဟု လူသိများသည့် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တအာင်းတပ် TNLA အပါအဝင် ဒေသခံတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရန်တို့ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။ ရွာမီးရှို့ခံရမှုများကြောင့် အိုးအိမ်များလည်း ဆုံးရှုံးကာ ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြရသည်။
မတ္တရာမြို့နယ်အရှေ့ခြမ်းကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းတချို့တို့တွင် စစ်တပ်က တပ်စွဲထားသည်ဟု ဒေသခံများက ဆိုကြသည်။
မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (GZP)၊ မတ္တရာမြို့နယ် (ပကဖ)၊ ပုသိမ်ကြီးမြို့နယ် (ပကဖ)၊ ပြင်ဦးလွင်မြို့နယ် (ပကဖ) အစရှိသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ သုံးဆယ်ပေး၊ ကျွဲခြံကုန်း စသည့် ရွာနီးစပ်များတွင်လည်း စစ်ကောင်စီက အင်အားတိုးချထားသည်ဟု သိရသည်။