
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာရှိ အမှတ် (၁၂၃) ခြေလျင်တပ်ရင်း၏ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယမန်နေ့ (ဇန်နဝါရီ ၁၄) ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
KIA သည် ဒီဇင်ဘာ ၂၉ ရက်နေ့မှ စတင်ကာ အဆိုပါ စခန်းကို ထိုးစစ်ဆင်ခဲ့ပြီး သီတင်းနှစ်ပတ်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု နမ့်ဖတ်ကာရွာအတွင်းမှ ဒေသခံများကို ကိုးကားပြီး စစ်ရှောင်နေရသည့် နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မနေ့ညက ၁၀ နာရီ မိနစ် ၂၀ အချိန်မှာ ရသွားပြီလို့ ပြောလာတယ်။ ညက အဲဒီအချိန်ရတယ်သာ ပြောတာ လေယာဉ်က လာတိုက်တယ်တဲ့၊ မနေ့က နေ့လယ်ရော၊ ညရော (လာတိုက်တယ်)” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
နမ့်ဖတ်ကာကို စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် အခြားဒေသများနှင့် အဆက်အသွယ်ပြတ်နေရာ စခန်းသိမ်းတိုက်ပွဲအခြေအနေကို မသိရသေးပေ။
မြန်မာတရုတ်နယ်စပ် မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး စသည့် မြို့များကြားတွင် ရှိသော ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်ပွဲသတင်းကို အသေးစိတ်မသိရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“စခန်းသိမ်းတဲ့ သတင်းတော့ တရားဝင်သတင်းပို့တာ မရှိသေးဘူး။ အဲဒီမှာလည်း တိုက်ပွဲဆက်ဖြစ်တာ ကြားရပါတယ်။ ကျန်တာ ဘာမှ မကြားရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ကအထိ စခန်းအခြေနားအထိ KIA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ည ၉ နာရီခန့်တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံအများစုသည် အိမ်စောင့်လူတချို့သာ ထားရစ်ခဲ့ပြီး ရွာရှိလူအားလုံးနီးပါးမှာ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့ရှိ ကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေကြရသည်။
တိုက်ပွဲအတွင်း နမ့်ဖတ်ကာရွာ ပန်ဂျရော့ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်များ ပျက်စီးသည်၊ ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အမှတ် (၁) ရပ်ကွက်အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပျက်စီးခဲ့သည်ဟု သိရသည်။
“မနေ့က သူတို့လေယာဉ်နဲ့ လာတိုက်တာ ဘုရားကျောင်းအကြီး ထိသွားတာလေ၊ ရပ်ကွက် ၁ ထဲက ကချင်နှစ်ခြင်းဘုရားကျောင်း ပျက်စီးသွားတယ်တဲ့ လေယာဉ်နဲ့ ပစ်တော့” ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားက ပြောသည်။
တိုက်ပွဲအတွင်း နမ့်ဖတ်ကာဒေသခံ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု သိရသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နမ့်ဖတ်ကာဒေသနှင့် ပတ်သက်သည့် တိုက်ခိုက်မှုဆိုင်ရာဖြစ်ရပ်များအကြောင်းကို ယခုလအတွင်း သတင်းထုတ်ပြန်မှု မပြုသေးပေ။

အပစ်ရပ်ကာလ ပစ်ခတ်မှု
စစ်ကောင်စီတပ်နှင့် မြောက်ပိုင်း ၃ ဖွဲ့အကြား ဇန်နဝါရီ ၁၁ ရက်နေ့ညပိုင်းက အစပြုသည့် အပစ်ရပ်သဘောတူညီချက်ကြောင့် ရှမ်းမြောက်ဒေသတွင်း တိုက်ပွဲများ ငြိမ်သက်ခဲ့သော်လည်း ဆွေးနွေးမှုတွင် မပါဝင်သည့် KIA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့ပြင် နမ့်ဖတ်ကာရွာ၏ တောင်ဘက် ၉ မိုင်ခန့်အကွာတွင် ရှိပြီး လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ရှိသည့် နမ့်ခိုင်တံတား တပ်စခန်းကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
မြောက်ပိုင်းသုံးဖွဲ့က အပစ်ရပ်သဘောတူညီချက်ကို လိုက်နာခဲ့သော်လည်း စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်ရှိ TNLA တပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ယမန်နေ့ကလည်း လားရှိုးနှင့် မိုးကုတ်မြို့နယ်တို့တွင် လက်နက်ကြီးများဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သည်ဟု TNLA ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာရှိ စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၄ နံနက်ပိုင်းတွင် ညောင်ကုန်းကျေးရွာနှင့် ကုန်းစံရွာကြားသို့ လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က နံနက် ၇ နာရီခန့်တွင် TNLA တပ်များရှိရာ နမ့်ကွန်ရွာအနီးသို့ လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် TNLA နှင့် ဒေသခံများ ထိခိုက်မှုရှိမရှိကိုမူ မသိရသေးပေ။
TNLA ၏ အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စတင်အသက် ဝင်သည့်နေ့တွင် လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို ကိုးကားပြီး သတင်းရေးသား ဖော်ပြချက်များမှာ မှားယွင်းနေသည်ဟု ဇန်နဝါရီ ၁၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
“ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှု ရရှိပြီးချိန်မှစ၍ သဘောတူညီချက်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး” သတင်းဌာနများက စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမှုကို မနာလိုမရှုစိတ်ဖြင့် မမှန်သတင်းဖြန့်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။