သတင်း

လက်နက်ကြီးဒဏ်ကြောင့် စဉ့်ကူးမြို့တွင် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာနယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး အိမ်နီးချင်း စဉ့်ကူးနယ်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ဒေသခံတို့ သေဆုံး၊ ဒဏ်ရာရသွားသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် တောင်ပိုင်းတွင် ဇန်နဝါရီ ၉ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထိုဒေသတွင် နေထိုင်သူများက ပြောကြသည်။

ကျောက်ငနွားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒေသခံ အသက် ၃၀ ကျော်အရွယ် ကိုကျော်မျိုးထက်၏ ဘယ်ဘက်ပါးတွင် ကျည်စ စိုက်ဝင်ကာ သေဆုံးသွားသည်။

“တိုက်ပွဲ မရှိဘူး။ (စစ်တပ်က) ရွာတွေဘက်ကို သက်သက်ခြောက်လှန့်ထုတဲ့သဘောပဲ။ ကိုယ့်အိမ်မှာကိုယ်နေနေတဲ့ ရွာသားကို ထိတာ။ ဒဏ်ရာရ နှစ်ဦးကတော့ ဆေးကုနေတယ်။ မစိုးရိမ်ရတော့ဘူး” ဟု အသက် ၄၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။

ကိုကျော်မျိုးထက် မသေဆုံးမီ အခြားနေရာတစ်ခုသို့ ခေါ်ဆောင်သွားရန် မော်တော်ယာဉ်ပေါ် တင်ဆောင်ထားသည်ကို မှတ်တမ်းဓာတ်ပုံတစ်ပုံတွင် တွေ့ရပြီး သူဝတ်ဆင်ထားသော တီရှပ်အင်္ကျီတွင် ဒဏ်ရာမှသွေးများ ပေကျံနေသည်။

ထိုရွာသည် အိမ်နီးချင်း မတ္တရာမြို့မြောက်ဘက် ၁၄ မိုင်ခန့် အကွာတွင် တည်ရှိကြောင်း မြေပုံတွင် တွေ့ရသည်။

နိုဝင်ဘာလအတွင်းမှစတင်ကာ မတ္တရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းတပ် (TNLA) တို့အပါအဝင် ဒေသတွင်းတော်လှန်ရေးအဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်နေရာ မြို့နယ်ချင်း ကပ်လျက်ဖြစ်သော စဉ့်ကူးမြို့ရှိ အဆိုပါ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“မနေ့က ညနေပိုင်း လက်နက်ကြီးနဲ့ လေးငါးချက် ရမ်းသန်းထုတယ်။ ယက္ကန်းစင် (ရွာ) တောင်ခြေပိုင်းတွေလည်း ကျတယ်။ ရွာတွေကို ဦးတည်ထုတာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

စဉ့်ကူးမြို့နယ်အတွင်း လက်နက်ကြီးကျည်ကျခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။ အရပ်သားထိခိုက်မှုရှိသော ပေါက်ကွဲမှုများမှာ စစ်တပ်၏လက်ချက်မဟုတ်ကြောင်း၊ အကြမ်းဖက်သမားတို့က ပစ်ခတ်ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက ရံဖန်ရံခါ သတင်းထုတ်ပြန်တတ်သည်။

လတ်တလောတွင် စဉ့်ကူးမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်တစ်လျှောက်တွင် မကြာခဏတိုက်ပွဲဖြစ်နေသည်၊ ဇန်နဝါရီ ၃ ရက်နေ့က စဉ့်ကူးမြို့နယ် ရွာသာယာရွာသို့ ရိက္ခာပို့ရန် လာရောက်သော စစ်ကောင်စီ၏ ရေယာဉ်တစ်စီး မြစ်အတွင်း တိုက်ခိုက်မီးရှို့ခံရသည်ဟု သိရသည်။

ထိုရွာတွင် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီး စခန်း တည်ရှိသည်။

ဇန်နဝါရီ ၈ ရက်နေ့ကလည်း ကျည်တောက်ပေါက်ကျေးရွာမှ စစ်တပ်သတင်းပေးဟု တော်လှန်ရေးအဖွဲ့များ ယူဆကြသည့် ကိုဝင်းမော်ဆိုသူ ပစ်သတ်ခံရသည်။

ယမန်နေ့ (ဇန်နဝါရီ) နံနက်တွင် ကျောက်ငနွားရွာ အနောက်ဘက် ၆ မိုင်ခန့်အကွာ ထုံးကြီးရွာသို့  စစ်ကားကြီး၂ စီးဖြင့်   ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်အနောက်ဘက် ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု စဉ့်ကူးမြို့နယ်မြေပြင်အခြေအနေများ ဖော်ပြနေသည့် “ကင်းထောက်မြေပြင်သတင်း” အွန်လိုင်းစာမျက်နှာက  ဖော်ပြထားသည်။

၂၀၂၃ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအနောက်ဘက် သဲချောင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ထော်လာဂျီပေါ် သဲတင်နေသော အသက် ၅၀ အရွယ် ပန်းရန်လုပ်သား ဦးမြင့်ဦးဆိုသူ သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့များက ထိုးစစ်ဆင်နေရာ  မန္တလေး-ရှမ်း နယ်စပ်မြို့များဖြစ်သော ပြင်ဦးလွင်၊ မတ္တရာ၊ မိုးကုတ်၊ မိုးမိတ်တို့တွင် တိုက်ပွဲများ ပေါ်ပေါက်လာသည်။  

ထိုမြို့နယ်အများစုသည် TNLA လှုပ်ရှားနယ်မြေများ ဖြစ်နေသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်စဉ် လမ်းပေါ်ထွက် ဆန္ဒပြသူတို့ ပစ်သတ်ခံရသဖြင့် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လိုသူတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာသို့ သွားရောက်ပြီး လက်နက်နှင့် နည်းပညာအကူအညီ ရယူခဲ့ကြသည်။

ယခုအခါ တိုက်ပွဲရှိနေသော ဒေသများထဲတွင် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် ခေါ် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့ ပါဝင်သည်။

Show More

Related Articles

Back to top button